နေပြည်တော် မတ် ၁ဝ
မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်(၂၀၂၀-၂၀၂၄)နှင့် မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဖွဲ့စည်းထားရှိမှုများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်း ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာ ကိစ္စရပ်များသည် နိုင်ငံတော်နှင့် မိသားစု များအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်လုပ်ငန်းများဖြစ်ပါကြောင်း၊ မိသားစုများတွင် သားသမီးများသည် အနာဂတ်ဖြစ်သကဲ့သို့ လူငယ်များသည် မိမိတို့နိုင်ငံ၏ အနာဂတ်များ ဖြစ်ပါ ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူငယ်ရေးရာကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရသည့်အတွက် မွန်မြတ်သည့် အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လူငယ်ထုအင်အားမှာ နိုင်ငံတော်၏ စွမ်းအားစုများပင်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်နေတာတွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒနှင့် လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄)ကို မိတ်ဆက်ဖြန့်ချိ ခဲ့ပြီးဖြစ်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီအပါအဝင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်/မြို့နယ် လူငယ်ရေးရာ ကော်မတီများ ဖွဲ့စည်းထားရှိမှုများ အပေါ် ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရပ်နား၍မရပါကြောင်း၊ မိမိတို့အနေဖြင့် ကလေးသူငယ်၊ လူငယ်၊အမျိုးသမီး၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုကိစ္စရပ်များကို ဆောင်ရွက်ပေးနေသည့် ဌာနဖြစ်ပါကြောင်း၊ လူငယ်ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်တို့က မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ၊ လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄) တို့၏ ရေးဆွဲဆောင်ရွက်မှု၊ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီဖွဲ့စည်းထားရှိမှုများနှင့် ပြင်ဆင်ဖွဲ့စည်းရန်အတွက် အဆိုပြုဖွဲ့စည်းမှုများကို ရှင်းလင်း တင်ပြဆွေးနွေးသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီးရုံးရှိ ဌာနခွဲများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက် နေမှုများအား ကြည့်ရှု၍ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)