နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ကို တာဝန်ယူထားစဉ်ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း -စဉ်(၅)ရပ်တွင် “ တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးရရှိစေရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်သွားမည်” ဆိုသည့် လုပ်ငန်းစဉ်ကို ထည့်သွင်းချမှတ်ထားသည်။ ထို့ပြင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင်လည်း “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပါ အတိုင်း အလေးထားဆောင်ရွက် သွားရေး” ဆိုသည့် နိုင်ငံရေး ဦးတည်ချက်တစ်ရပ်ကို ထည့်သွင်းချမှတ်ထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးချိန်မှစ၍ ပထမဆုံးအကြိမ် ကျင်းပသည့် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်း အဝေး (၁/၂၀၂၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အမှန်တကယ်တွင် NCA သည် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးမှတစ်ဆင့် တိုင်းရင်းသားပြည်သူအားလုံး အလိုရှိနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်သော အခင်းအကျင်း များကို အုတ်မြစ်ချထားခြင်းဖြစ်ကြောင်း၊ ယင်းအပေါ်တွင် မိမိတို့အနေဖြင့် ညှိနှိုင်းဆွေးနွေး အဖြေရှာပြီး သဘောတူညီချက်များအရ ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွား နိုင်မှသာ ပြီးပြည့်စုံသည့် ပြည်ထောင်စု ပုံသဏ္ဌာန် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း” အဖွင့်အမှာ စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် “ယင်း နေရာတွင် တွေ့ဆုံညှိနှိုင်း အဖြေရှာ ခြင်းဆိုသည့် ဒီမိုကရေစီ ယဉ်ကျေးမှုကို လိုက်နာရန် အလွန်အရေးကြီးကြောင်း၊ မည်သို့ ပင် ကြီးမားသည့် ပြဿနာများဖြစ်ပါစေ နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းမည်ဆိုပါက အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင် မည်ဖြစ်ကြောင်း”ကိုလည်း အလေးအနက် ပြောကြားခဲ့သည်။
တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းသည် ဒီမိုကရေစီယဉ်ကျေးမှု ဖြစ်သည်။ ညှိနှိုင်းအဖြေရှာခြင်းက ပုဆိန်နှင့် ခုတ်ရမည့် နေရာတွင်အပ်နှင့် ထွင်းနိုင်ရန်ဖြစ်သည်။ ပြဿနာအစိုင်အခဲ ကြီးကြီးကို သေးငယ်သွားစေရန်နှင့် ပပျောက်သွားစေရန်လည်း ဖြစ်သည်။ မိမိလိုလားမှုနှင့် တစ်ဖက်မှ လိုလားမှုတို့ အကျိုးစီးပွားချင်း ဆန့်ကျင်နေပါက အပေးအယူ အလျော့အတင်းတို့ ပြုလုပ်ရ သည်။ တင်းမာသည့် သဘောထားရပ်တည်ချက်ကို တရားသေဆုပ်ကိုင်ထားမှုများသည် ဒီမိုကရေစီယဉ်ကျေးမှု မဟုတ်။ အပြန်အလှန် နားလည်စာနာမှု၊ လေးစားမှုတို့ဖြင့် ဆွေးနွေး ညှိနှိုင်းမှုကို ရှင်သန်နေစေရသည်။
ငြိမ်းချမ်းရေးကဗျာစာဆို ဆရာကြီး ဒဂုန်တာရာက တွေ့ဆုံညှိနှိုင်းအဖြေရှာခဲ့သည့် အတွေ့ အကြုံတစ်ခုကို ဆောင်းပါးတစ်ပုဒ်တွင် ဤသို့ ရေးသားခဲ့သည်။ “မူလအဆို ကြမ်းရေးဆွဲသော ဆပ်ကော်မတီကတင်ပြသည့် စာတမ်းမှာ စာကြောင်း ၁၅ ကြောင်းလောက်ရှိသည်။ ဤ၁၅ ကြောင်း မျှသော စာတမ်းကို ၄-၅ ည ဆက်၍ငြင်းကြခုံကြသည်။
ကော်မရှင်တက်သူများမှာ စာတတ်၊ စကားတတ်ပညာရှင်များဖြစ်ရာ စကားလုံးတစ်လုံး လေးနှင့် တစ်ညကြာသည်လည်း ရှိသည်။ သို့ဖြင့် အငြင်းအခုံ၊ အချေအတင်ဖြင့် ဆွေးနွေးကာ ဟိုကဖြုတ်၊ ဒီကဖြုတ်နှင့်လာခဲ့ရာ မူလ ၁၅ ကြောင်းမျှသော စာသားမှာ နောက်ဆုံး၌ ၈-၉ ကြောင်းလောက်သာ ကျန်တော့သည်။ ထိုအခါ ကန့်ကွက်သူ တစ်ယောက်မျှမရှိဘဲ အားလုံး တညီတညွတ်တည်း သဘောတူချက်ရလေသည်။” ဟူ၍ ဖြစ်သည်။
အငြင်းအခုံပြုကြခြင်းသည် အကျေအလည်ဖြစ်စေရန်ဖြစ်ပြီး အလျော့အတင်း၊ အတိုးအဆုတ်၊ အပေးအယူပြုကြခြင်းမှာ တွေ့ဆုံညှိနှိုင်းခြင်း၏ သဘောသဘာဝတစ်ရပ်သာ ဖြစ်သည်။ ဆွေးနွေးညှိနှိုင်း အဖြေရှာကြရာတွင် ပဋိပက္ခဆီသို့ ဦးမတည်စေဘဲ သူလည်းဝမ်းသာ၊ ငါလည်း ရွှင်ပြုံးနိုင်သည့် (Win-Win) ရလဒ်ဆီသို့ ရောက်ရှိနိုင်ရန်မှာ နိုင်ငံရေး ယဉ်ကျေးမှု မြင့်မားကြ ရမည် ဖြစ်ပါကြောင်း။ ။
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025