Skip to main content

ဒီမိုကရေစီစံနှုန်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်

ဒီမိုကရေစီစနစ်အရ ပြည်သူများအနေဖြင့် မိမိတို့၏ဆန္ဒများကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရကြသည်။ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရကြသည်။ လွတ်လပ်စွာဆောင်ရွက်ခွင့်ရ ကြသည်ဆိုသော်လည်း ထုတ်ပြန်ထားသော ဥပဒေနှင့်အညီ ဆောင်ရွက်ကြရသည်။ စည်းကမ်း ဥပဒေတို့ကို လေးစားလိုက်နာကြရသည်။ အများဆန္ဒအရ ဆောင်ရွက်ကြရာ၌ အနည်းဆန္ဒကို လည်း အလေးထားကြရသည်။ သို့မှသာ စည်းကမ်းရှိသော ဒီမိုကရေစီ၊ ခိုင်မာအားကောင်းသော ဒီမိုကရေစီစနစ် ဖြစ်ပေမည်။ မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ဖြင့် အချိန်ကာလရှည်လျားစွာ နေထိုင်ခဲ့ကြရသည်။ အကြောက်တရားဖြင့် မလွတ်မလပ်နေခဲ့ကြရသည်။ ၂၀၁၀ ပြည့်နှစ် ဒီမိုကရေစီ စတင် အသွင် ကူးပြောင်းသည့်အချိန်မှစ၍ လွတ်လပ်မှုကို စတင်ရရှိ လာခဲ့ကြသည်။ လွတ်လပ်သောဘဝတွင် နေထိုင်ရသည်နှင့် မလွတ်လပ်သောဘဝ၌ နေထိုင်ရသည့် အရသာကို ကိုယ်တွေ့ခံစားလာခဲ့ကြ သည်။ သို့သော် လွတ်လပ်မှုကို ဥပဒေနှင့်အညီ စနစ်တကျ အသုံးချနိုင်ခြင်းမရှိပေ။ လွတ်လပ်ပြီဆိုပြီး စည်းနှင့်ကမ်းနှင့် လွတ်လပ်မှုကိုမဆောင်ရွက်နိုင်ကြချေ။ ဥပဒေနှင့်အညီ လိုက်နာ ဆောင်ရွက်လွတ်လပ်မှုကို အစွမ်းကုန်ထုတ်သုံးကြသောကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသည် သက်တမ်းနုနယ်သေးသော်လည်း ဒီမိုကရေစီရင့်ကျက်သည့် နိုင်ငံကြီးများကို ကျော်လွန်ကာ လွတ်လပ်ခွင့်များ ရရှိလာခဲ့သည်။ အမှန်တကယ်တွင် ထွက်ပေါက်တစ်ခုကို စတင်စီးမျောထုတ်လွှတ်ရာ၌ တဖြည်းဖြည်းချင်း ထိန်းကျောင်းဖွင့်လွှတ်ပေးခြင်းသာ အကောင်းဆုံးဖြစ်သည်။ အထိန်းအကွပ်မရှိ လွှတ်ချပေးလိုက်ပါက ဒီမိုကရေစီရေအလျဉ်သည် သောင်ပြိုကမ်းပြို ပျက်စီးခြင်း သို့ ရောက်တတ်သည်ကို သတိပြုရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်အရ ကမ္ဘာ့နိုင်ငံများတွင် ဆန္ဒပြမှုများရှိကြသည်ကို မြင်တွေ့ ရမည်ဖြစ်သည်။ နိုင်ငံတကာတွင် စည်းကမ်းကျသည့် ဆန္ဒပြမှုများဖြစ်အောင် ထိန်းကျောင်းပေးလေ့ရှိပြီး စည်းကမ်းမကျသည့် စည်းမဲ့ကမ်းမဲ့၊ အကြမ်းဖက် လုပ်ရပ်များရှိလာပါက အင်အားသုံးဖြိုခွင်းမှု များ ပြုလုပ်သည်ကို မြင်တွေ့ရမည် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော် မှုများကို ခွင့်ပြုပေးခဲ့ပြီး ဆူပူဆန္ဒပြမှုများကိုပင် သက်ညှာစွာ အင်အားအနည်းဆုံးဖြင့် ဥပဒေနှင့် အညီသာ ဖြိုခွဲဆောင်ရွက်နေသည်ကို တွေ့ရသည်။ ထိုသို့ဖြေလျှော့ဆောင်ရွက်နေသည်ကို အခွင့်ကောင်းယူ၍ အကြမ်းဖက် လုပ်ရပ်များ၊ မင်းမဲ့ စရိုက်ဆန်စွာ လုပ်ဆောင်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။ ထိုအခါ ရှောင်လွှဲ၍မရသော ဆိုးကျိုးများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ ထိုသို့ဖြစ်ပေါ် နေမှုအခြေအနေများကို ပြည်တွင်း၊ ပြည်ပ မီဒီယာများက ဖြိုခွဲနှိမ်နင်းမှုများကိုသာ တစ်ဖက်တည်းအမြင်ဖြင့် ဖော်ပြနေကြသည်ကို တွေ့ရသည်။ အားကြီးရာဘက်သို့သာ ကိုင်းညွှတ်တတ်သည့်သဘောရှိသော်လည်း မီဒီယာများ အနေဖြင့် ကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိဘဲ နှစ်ဖက်အမြင်မျှတစွာဖြင့် ရဲဝံ့စွာဖော်ပြပေးကြရ မည်ဖြစ်သည်။ ဖြစ်စဉ်တစ်ခုတွင် အကြောင်းရှိ၍ အကျိုးဖြစ်လာရခြင်းသာဖြစ်သည်။ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ စည်းနှင့်ကမ်းနှင့် ဥပဒေကိုလေးစားလိုက်နာပြီး ဆောင်ရွက်ကြပါက မဖြစ်သင့်မဖြစ်ထိုက်သောကိစ္စများ ဖြစ်လာလိမ့်မည်မဟုတ်ပေ။ အမှန်တကယ်တွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနှင့် အလှမ်းဝေးခဲ့သည်ဖြစ်၍ ဒီမိုကရေစီ အသိအမြင်များ နည်းပါးနေသေးသည်။ ဒီမိုကရေစီခံစားခွင့် အသိအမြင်များသာရှိကြပြီး ဒီမိုကရေစီတွင် လိုက်နာရမည့်အချက်များ၊ ထမ်းဆောင်ရမည့် တာဝန်များဘက်တွင် နားလည် သိရှိမှု အားနည်းနေသေးသည်။ တစ်ခါလာလည်း အတိတ်က အနာဟောင်းများကို တူးဆွပြီး ခံစားချက်ဖြင့် လုပ်ကိုင်နေကြသည်။ ဒီမိုကရေစီဖြစ်စေ၊ တိုင်းပြည်တည်ဆောက်ရေးဖြစ်စေ၊ မိမိဘဝတိုးတက်ရေးဖြစ်စေ ခံစားချက်ဖြင့် လုပ်ကိုင်၍မရဘဲ ပစ္စုပ္ပန်အခြေအနေကို တည့်တည့်ရှု ၍ စဉ်းစားဆင်ခြင်လုပ်ကိုင်ကြရန်လိုပေသည်။ စည်းကမ်းပြည့်ဝပြီး ခိုင်မာအားကောင်းသော ဒီမိုကရေစီစနစ်ကို တက်လှမ်း နိုင်ရန်အတွက် ဒီမိုကရေစီစံနှုန်းများကို တဖြည်းဖြည်း နားလည်အောင် အသိပညာပေးပြီး ဒီမိုကရေစီစနစ်ကို တစ်ဆင့်ချင်းတက်လှမ်းခြင်းသာ အကောင်းဆုံးဖြစ်သည်။ ဖြစ်ပေါ်လာသောအခြေအနေများတွင် ပြည်သူလူထုကို အပြစ်ဆိုရန်ထက် ပြည်သူလူထုအား အသိအမြင်လွဲမှားအောင် ပြည်သူလူထု အား အတွေးအခေါ်အယူအဆ လွဲချော်အောင် လမ်းခင်းပေးခဲ့သူများနှင့်ပြည်သူလူထုအား မှန်ကန်သောအသိအမြင် ဗဟုသုတများ တိုးပွားလာအောင် မဆောင်ရွက်ပေးခဲ့သူများတွင်သာ အပြစ်ရှိသည် ဟု ဆိုချင်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ပြည်သူများ လိုလားနှစ်သက်သည့်ဒီမိုကရေစီ နိုင်ငံတော် အဖြစ် တည်ဆောက်ပေးလျက်ရှိရာတွင် စစ်မှန်သော ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဒီမိုကရေစီ ယဉ်ကျေးမှု အလေ့အထကောင်းများ ဖြစ်ထွန်းလာအောင် ဦးစွာတည်ဆောက် ပျိုးထောင် ပေးကြရမည်ဖြစ်သည်။ စစ်မှန်သော ဒီမိုကရေစီ စံနှုန်းများနှင့် သွေဖည်သည့်အပြုအမူများကို စည်းကမ်း၊ ဥပဒေများဖြင့် စနစ်တကျ ထိန်းကျောင်းပေးရမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာပါက လည်း ဥပဒေနှင့်အညီ စနစ်တကျကိုင်တွယ်ဖြေရှင်းရမည်သာ ဖြစ်သည်။ သို့ဖြစ်ရာ ဒီမိုကရေစီကို လိုလားပါသည်ဆိုလျှင် ဒီမိုကရေစီစံနှုန်းများနှင့်အညီ ကျင့်ကြံနေထိုင် တတ်အောင်၊ လိုက်နာလုပ်ကိုင်တတ်အောင် အားလုံးက ဝိုင်းဝန်း ကြိုးပမ်း၊ ဝိုင်းဝန်းဆောင်ရွက် ကြရန် တိုက်တွန်းအပ်ပါသည်။