Skip to main content

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်တွင် အမျိုးသမီးဝတ်လုံချည်များအား ကြိုးတန်း၍ ဆရာတော်ကြီးတစ်ပါး၏ရုပ်ပုံများ ချိတ်ဆွဲဆူပူအော်ဟစ်သူများအား စစ်ဆေးဖော်ထုတ်ရရှိ

နေပြည်တော် မတ် ၉ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်အတွင်း မတ် ၈ ရက် နံနက်ပိုင်းက ဆူပူဆန္ဒပြသူ လူအုပ်စုများအနေဖြင့် အမျိုးသမီးဝတ်လုံချည်များအား အလံသဖွယ် ကိုင်ဆောင်ခြင်း၊ အမျိုးသမီးဝတ် လုံချည်များကို အများပြည်သူ အသုံးပြုသွားလာနေသော လမ်းကြောင်းများ၏ အပေါ်တွင် ကြိုးတန်းတန်း၍ ချည်နှောင်ထားခြင်း၊ ၎င်းအမျိုးသမီးဝတ်လုံချည်များ ပေါ်တွင် ဆရာတော်ကြီးတစ်ပါး၏ ရုပ်ပုံကားချပ်များကို ချိတ်ဆွဲထားခြင်းဖြင့် ဗုဒ္ဓဘာသာဝင်လူထုနှင့် သံဃာတော်များအနေဖြင့် လွန်စွာစိတ်မကောင်းဖြစ်ရခြင်း၊ မခံမရပ်နိုင်ဖြစ်ရခြင်းများအတွက် သာသနာတော်ညှိုးနွမ်းအောင် ဆောင်ရွက်မှုများအတွက် လိုအပ်သလို အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားရှိပြီးဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်ခဲ့ပြီး မတ် ၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းနှင့် ချမ်းသာလမ်းဆုံထိပ်တွင် ဆူပူအော်ဟစ်ဆန္ဒပြသူ လူစုလူဝေးအင်အား ၂၀၀ ခန့်သည် အထက်ပါအတိုင်း အမျိုးသမီးဝတ် လုံချည်များပေါ်တွင် ဆရာတော်ကြီးတစ်ပါး၏ ရုပ်ပုံများကိုချိတ်ဆွဲ၍ ဆန္ဒပြခဲ့သည့် ဖြစ်စဉ်အပေါ် ဦးစီးဦးဆောင်ပြုလုပ်သူများအား ဖမ်းဆီးရမိ နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း။ မြေပြင်သတင်းဖော်ထုတ်မှုအရ ဖော်ပြပါဖြစ်စဉ်တွင် ဦးစီးဦးဆောင်ပြုလုပ်သူ အောင်ကျော်ဦး (၅၂) နှစ် (ဘ) ဦးလှထွေး၊ ဗမာ/ဗုဒ္ဓ၊ စမ်းချောင်းမြို့နယ်၊ အမှတ်(၂၁) ချမ်းသာလမ်း၊ ကျွန်းတော ရပ်ကွက်၊ စမ်းချောင်းမြို့နယ်နေသူ၏ အိမ်ကိုသွားရောက် ရှာဖွေဖမ်းဆီးပြီး ညပိုင်းတွင် ယင်း ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးဆောင်သူ အောင်ကျော်ဦး အပါအဝင် ဆူပူဆန္ဒပြသူ ခုနစ်ဦး စစ်ဆေး ဖော်ထုတ်နိုင်ခဲ့ပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကာ အခြားဒေသများ တွင်လည်း ယခုကဲ့သို့ သာသနာတော်ညှိုးနွမ်းအောင် ဆောင်ရွက်မှုများရှိလာခဲ့ပါက အမျိုး ဘာသာ၊ သာသနာအတွက် ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်