Skip to main content

တပ်မတော်မှစစ်ရေယာဉ်(တပင်ရွှေထီး)ဖြင့် အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ရေလုပ်သားများအား ပြန်လည်ခေါ်ဆောင်၍ မြန်မာနိုင်ငံသို့ ခုတ်မောင်းလျက်ရှိ

နေပြည်တော် မတ် ၉ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလရှည်ကြာစွာ ပြန်လာရန် အခက်အခဲကြုံတွေ့နေရသည့် ပြည်ပရောက် မြန်မာနိုင်ငံသား ရေလုပ်သားများအား အမြန်ဆုံးပြန်လည် ခေါ်ယူနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏လမ်းညွှန်ချက်အရ အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ခေါ်ဆောင်ရန် တပ်မတော် (ရေ)မှ ဗိုလ်မှူးကြီး ကျော်လင်းဇော် ဦးဆောင်သော စစ်ရေယာဉ်(တပင်ရွှေထီး)သည် မတ် ၆ ရက်တွင် ရန်ကုန်မြို့ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ)မှ အိန္ဒိယနိုင်ငံသို့ စတင် ထွက်ခွာခဲ့သည်။ မြန်မာ့တပ်မတော်မှ စစ်ရေယာဉ် (တပင်ရွှေထီး) သည် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းရှိ ပို့ဘလဲယား (Port Blair) ရေတပ်ဆိပ်ကမ်းသို့ မတ် ၇ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ပြီး မတ် ၈ ရက်တွင် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှ ကရင်လူမျိုး ၁၅ ဦး၊ ရခိုင်လူမျိုး ၁၅ ဦးနှင့် ဗမာလူမျိုး ၄၀ စုစုပေါင်း မြန်မာနိုင်ငံသား ရေလုပ်သား ၇၀ အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အိန္ဒိယနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ တာဝန်ရှိသူများထံမှ စနစ်တကျ လွှဲပြောင်းလက်ခံခဲ့ပြီး မတ် ၉ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ပို့ဘလဲယား (Port Blair) ရေတပ် ဆိပ်ကမ်းမှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံသားများသည် နေရပ်ပြန်နိုင်ရေးအတွက် မည်သူ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Cof I) ထုတ်ယူထားရှိပြီးသူများဖြစ်ကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ဆေးစစ် အောင်မြင်ပြီးသူများဖြစ်ကြောင်း သိရသည်။ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ တပ်မတော်အနေဖြင့် ယခင်အစိုးရလက်ထက်တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများအား ခေါ်ယူနိုင်ရေးအတွက် တင်ပြဆောင်ရွက်ခဲ့သော်လည်း ခွင့်ပြုချက်မရရှိခဲ့သဖြင့် ပြန်လည်ခေါ်ယူ နိုင်ခြင်းမရှိဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်း၌ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ခေါ်ယူရန် ဒုတိယ အကြိမ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ်အဖြစ် မလေးရှားနိုင်ငံတွင် ရောက်ရှိနေ သည့် မြန်မာနိုင်ငံသို့ပြန်လာရန် ဒုက္ခအမျိုးမျိုးကြုံတွေ့နေရသော မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား တပ်မတော်မှ စစ်ရေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ အောင်မြင်စွာ ပြန်လည်ခေါ်ဆောင် နိုင်ခဲ့ပြီးဖြစ်သည်။ မြန်မာ့တပ်မတော်မှ စစ်ရေယာဉ်(တပင်ရွှေထီး) နှင့်အတူ လိုက်ပါလာသော မြန်မာနိုင်ငံသား ရေလုပ်သား ၇၀ အား ၎င်းတို့၏ မိသားစုများနှင့် အမြန်ပြန်လည်တွေ့ဆုံနိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက် လုံခြုံရေး၊ စားသောက်နေထိုင်ရေးနှင့် လိုအပ်သောကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်း တို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မတ် ၁၀ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်