နေပြည်တော် မတ် ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအကြား လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် လက်မှတ်ရေးထိုးရန် ဆောင်ရွက်လျက်ရှိသည့် နားလည်မှုစာချွန်လွှာ များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ ပါဝင်တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသည် ပြည်သူလူထုနှင့် အများဆုံးထိတွေ့ ဆက်ဆံရသည့် ပြည်သူ့ အကျိုးကို တိုက်ရိုက်အကောင်အထည်ဖော် ဆောင်ရွက်ရသည့်ဝန်ကြီးဌာန ဖြစ်ပါကြောင်း၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရသည့် ကိစ္စရပ်များသည် အရေးကြီးသောကဏ္ဍဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာမှ နည်းပညာအကူအညီ (Technical Assistance)၊ ငွေကြေး အကူအညီ (Financial Assistance) ရရှိသည်ဟုလည်း ဆိုနိုင်ပါကြောင်း၊ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိနိုင်သော စီမံကိန်းများ ဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌထံသို့ ရှင်းလင်းတင်ပြနိုင်ရေး အတွက် မည်သည့်အဖွဲ့အစည်းက မည်မျှထိရောက်ပြီး မည်သည့်လုပ်ငန်းများ ဆောင်ရွက် နေသည်ကို စာရင်းချုပ်ပြုစုထား၍ Checklists ဖြင့် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ခွင့်ပြုမိန့်ရရှိရေး မလိုအပ်သည့်အဆင့်များကို လျှော့ချဆောင်ရွက်နိုင်ရေး တင်ပြဆောင်ရွက် ခဲ့ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ရုံးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ရုံးစာတိုင်းသည် ကန့်သတ် အဆင့်ရှိပါကြောင်း၊ စာရွက်စာတမ်းများ လုံခြုံရေးအတွက် ထိန်းသိမ်း ဆောင်ရွက်ရန်လိုအပ် ပါကြောင်း၊ သို့ဖြစ်၍ မိမိဌာနအတွင်းရှိ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများအား စာရွက် စာတမ်းများ လုံခြုံရေးနှင့် ပတ်သက်၍ ချပြဆွေးနွေးသွားရန်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ဝန်ကြီးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဘသန်းမှ နိုင်ငံအကာအဖွဲ့အစည်း (၅) ဖွဲ့နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြသည်။
ယင်းနောက် လူမှုဝန်ထမ်းဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မေနုက People In Need ၊ Trocaire ၊ Child Fund Myanmar ၊ Christian Aid နှင့် Mercy Corps (Myanmar) အဖွဲ့ များ၏ ရည်ရွယ်ချက်၊ စီမံကိန်းအမည်၊ စီမံကိန်းကာလ၊ စီမံကိန်းရန်ပုံငွေ၊ စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အကျိုးခံစားခွင့်ရမည့်သူများ၊ စီမံကိန်းလုပ်ငန်းများ၊ စီမံချက် ဧရိယာ၊ နားလည်မှု စာချွန်လွှာရေးထိုးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို ရှင်းလင်း တင်ပြသည်။
(သတင်းစဉ်)