Skip to main content

ရွှေဘို-ရေဦး အများပြည်သူသွားကားလမ်းအား အတားအဆီးများချ၍ ပိတ်ဆို့ဆန္ဒပြသူ(၂)ဦးအား အမှုဖွင့်အရေးယူထား

နေပြည်တော် မတ် ၆ ရွှေဘို-ရေဦး အများပြည်သူသွား ကားလမ်းအား အတားအဆီးများချ၍ ပိတ်ဆို့ ဆန္ဒပြသူ(၂)ဦးအား အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်အတွင်း လူစုလူဝေးဖြင့် ဆူပူဆန္ဒပြမှုဖြစ်စဉ်များ၊ အကြမ်းဖက်မှုဖြစ်စဉ်များ မဖြစ်ပွားစေရေးနှင့် အများပြည်သူ စိတ်အေးချမ်းသာစွာ နေထိုင် နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နေရာဒေသအနှံ့အပြားတွင် နေ့/ညမပြတ် တာဝန် ဝတ္တရားများ ထမ်းဆောင်လျက်ရှိကြောင်း။ ထိုသို့ ဆောင်ရွက်စဉ် ယနေ့နံနက် ၁၁ နာရီခွဲတွင် ရွှေဘိုမြို့၊ ရွှေဘို-ရေဦး ကားလမ်း၌ ဆူပူအော်ဟစ်ဆန္ဒပြသူ ခေါင်းဆောင် (စိစစ်ဆဲ) အင်အား(၅၀)ဦးခန့်သည် လူစုလူဝေး ပြုလုပ်၍ ဆူပူအော်ဟစ်ကာ အများပြည်သူသွား ကားလမ်းအား ထဘီကြိုးတန်းတန်း၍ သစ်သားပိုင်းနှင့် ကားတာယာကွင်းများ အသုံးပြုကာ တားဆီးပိတ်ဆို့ထားသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဥပဒေနှင့်အညီ သွားရောက်ထိန်းသိမ်းလူစုခွဲခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် လူစုကွဲသွားခဲ့ပြီး ဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သူ သီဟနိုင်(၂၁)နှစ် (ဘ)ဦးဘိုဌေး အမှတ်(၁၀)ရပ်ကွက်၊ ရွှေဘိုမြို့ နေသူပါ(၂)ဦးတို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း။ အများပြည်သူသွား ကားလမ်းအား အတားအဆီးများ ချထားပိတ်ဆို့ကာ ဥပဒေနှင့် ဆန့်ကျင်သောအစုအဝေးတွင် ပါဝင်၍ ဆူပူအော်ဟစ်ဆန္ဒပြခဲ့သူ သီဟနိုင်ပါ(၂)ဦးအား ရွှေဘိုမြို့မရဲစခန်းတွင် ဥပဒေနှင့်အညီအရေးယူနိုင်ရေး အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း ဖော်ပြထားသည်။ (သတင်းစဉ်)