နေပြည်တော် မတ် ၆
မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များတွင် ဆူပူအော်ဟစ် ဆန္ဒပြခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးနှင့် လုံခြုံမှုရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် တစ်ဦးတစ်ယောက်၊ တစ်ပါတီအဖွဲ့အစည်းအပေါ် သစ္စာခံကာ အမှန်တရားကို မျက်ကွယ်ပြုပြီး နိုင်ငံတော် မတည်မငြိမ်ဖြစ်စေရေးကို မြေပေါ်/ မြေအောက် အဖွဲ့အစည်းပေါင်းစုံက ငွေကြေးအမြောက်အများ အကုန်အကျခံကာ နေရာအနှံ့အပြားတွင် (ကွန်ရက်)သဖွယ် လှုံ့ဆော်ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း။
နိုင်ငံတော်အတွင်း ယနေ့တွင် လူစုလူဝေးဖြင့် ဆန္ဒပြဖြစ်စဉ်များ၊ လူသွားလမ်းများအား အတားအဆီးများဖြင့် ပိတ်ဆို့မှုဖြစ်စဉ်များ၊ အကြမ်းဖက်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်း နှိမ်နင်းရေးလက်နက်များ၊ အသံမြည်ဗုံး၊ မျက်ရည်ယိုဗုံးများ အသုံးပြု၍ ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံးဖြစ်အောင် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း။
ဆူပူအော်ဟစ်ဆန္ဒပြခဲ့သည့် ဖြစ်စဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း၊ အလုံ၊ ဗဟန်း၊ ရွှေပြည်သာ၊ အင်းစိန်၊ စမ်းချောင်း၊ သန်လျင်နှင့် သာကေတမြို့နယ်၊ မန္တလေး တိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ထားဝယ်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းခဲ့ရကြောင်း။
ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာသုံးသပ်ရာတွင် ဆူပူအုံကြွမှုနည်းပါးသော ဒေသများရှိ လူငယ်များကို နောက်ကွယ်ရှိ တိမ်းရှောင်ပုန်းခိုနေသူများက ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကောလဟလ နည်းမျိုးစုံဖြင့် မခံမရပ်နိုင်အောင် နိုးဆွခြင်း၊ လူငယ်ထု၏ စိတ်ခံစားမှုကို တက်ကြွလာအောင် ငွေကြေးထောက်ပံ့မှုများအပါအဝင် နည်းမျိုးစုံအသုံးပြုခြင်းများကို မပြတ် ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် မိမိတို့၏ သားသမီးများ၏ အနာဂတ်ဘဝများ ပျက်ဆီးဆုံးရှုံးမှု မရှိစေရေးအတွက် ဆူပူဆန္ဒပြမှု ဖြစ်စဉ်များတွင် ပါဝင် ပတ်သက်မှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်သင့်ကြောင်း ဖော်ပြထားသည်။
(သတင်းစဉ်)