Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မန္တလေးတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မတ် ၆ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့ Mandalay Swan Hotel အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်)၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)နှင့် မြန်မာနိုင်ငံ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များအသင်း (မန္တလေးဇုန်)တို့မှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မန္တလေးတိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဟိုတယ်များ တစ်ပြေးညီ ပြန်လည်ဖွင့်လှစ်ပြီး ခရီးသွားကဏ္ဍနှင့် ဆက်စပ်သည့်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် ဝန်ကြီးဌာန အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရာတွင် ပြည်တွင်းခရီးစဉ်ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်း ခရီးသွားမြှင့်တင်ရာတွင် ခရီးသွားများသာမက ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများအနေဖြင့်လည်း ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် UNWTO/WTTC စသည့် နိုင်ငံတကာ ခရီးသွားအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်များကို ပေါင်းစပ်ပြီး Enchanting Myanmar Health and Safety Protocols ကို ရေးဆွဲထုတ်ပြန်ထားရှိပြီး ဖြစ်သဖြင့် ယင်းအစီအစဉ်အရ ဟိုတယ်များရှိ ဝန်ထမ်းများကို သင်တန်းများပေးခြင်း၊ Certificate များ ထုတ်ပေးခြင်း၊ ဟိုတယ်များအား ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေးပြီးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ခရီးသွားလုပ်ငန်းသည် နိုင်ငံခြားဝင်ငွေရရှိသည့် လုပ်ငန်းဖြစ်သည်နှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုပါကြောင်း၊ မိမိတို့နိုင်ငံတွင် ခရီးသွားလုပ်ငန်း အရင်းအမြစ်များ များစွာ ကြွယ်ဝသဖြင့် ခရီးသွားကဏ္ဍသစ်များ ဖော်ဆောင်ခြင်းအပါအဝင် ဈေးကွက်မြှင့်တင်ရေး၊ ဝန်ဆောင်မှုများ တိုးမြှင့်ရေးကိုလည်း အလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်နိုင်ပြီး ဒေသခံ ပြည်သူလူထုကို တိုက်ရိုက်အကျိုး ဖြစ်ထွန်းစေသည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism- CBT) ကိုလည်း ဆက်လက် ဖော်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ တက်ရောက်လာသည့် အသင်းအဖွဲ့ဥက္ကဋ္ဌများကလည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်ဖွင့်လှစ်ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် လုပ်ငန်းလိုအပ်ချက်များနှင့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလို ပါကြောင်း ပြောကြားသည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်မှု၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး အစည်းအဝေး တက်ရောက်လာသည့် အသင်းဥက္ကဋ္ဌများက ဟိုတယ်များ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အမြန်ပြန်လည် ဖွင့်လှစ်လိုသည့် အခြေအနေ၊ ခရီးသည်တင် Express ကားများဖြင့် သွားလာမည့် ခရီးသွား ပြည်သူများအတွက် ကိုဗစ်-၁၉ စစ်ဆေးပေးနိုင်ရေး၊ ကိုဗစ်-၁၉ စစ်ဆေးသည့် Test Kit နှုန်းထား လျော့ပေါ့ပေးနိုင်ရေး၊ နိုင်ငံတော်မှ အခွန်အခ နှုန်းထားများ လျော့ပေါ့ပေးရေး၊ စားသောက်ဆိုင်များ ချေးငွေရရှိရေး ပံ့ပိုးပေးနိုင်မှု တို့နှင့်စပ်လျဉ်းပြီး ဆွေးနွေး တင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့် တွေ့ဆုံပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့် လှစ်နိုင်ရေး၊ ဟိုတယ်လုပ်ငန်းလိုင်စင်များ အမြန်စိစစ် ခွင့်ပြုပေးနိုင်ရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ရှိ Hotel Shwe Pyi Thar ကို ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)