နေပြည်တော် မတ် ၅
နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရေး မြေပေါ်/မြေအောက် အဖွဲ့အစည်းပေါင်းစုံမှ ငွေကြေး အမြောက်အများ အကုန်အကျခံကာ နေရာအနှံ့အပြားတွင် ကွန်ယက်သဖွယ် လှုံ့ဆော် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် လက်ရှိအချိန်၌ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေးနှင့် လုံခြုံမှုရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိသော်လည်း တစ်ဦးတစ်ယောက်၊ တစ်ပါတီအဖွဲ့ အစည်းအပေါ် သစ္စာခံကာ အမှန်တရားကို မျက်ကွယ်ပြုပြီး နိုင်ငံတော် မတည်မငြိမ် ဖြစ်စေရေးကို မြေပေါ်/ မြေအောက် အဖွဲ့အစည်းပေါင်းစုံမှ ငွေကြေး အမြောက် အများ အကုန်အကျခံကာနေရာအနှံ့ အပြားတွင်(ကွန်ယက်)သဖွယ် လှုံ့ဆော် ဆောင်ရွက် နေသည်ကို တွေ့ရှိရကြောင်း။
လူထုအနေဖြင့်(အေးချမ်းစွာဆန္ဒပြနေသည်)ဟူသည့်ခေါင်းစဉ်ကို နိုင်ငံတကာပုံရိပ်သို့ ပျံ့နှံ့ ရောက်ရှိအောင် သတင်းမီဒီယာများဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း လက်တွေ့အခြေအနေ တွင် ဖြစ်ပွားလျက်ရှိသည့် ဖြစ်ရပ်များအရ သာမန်ဆန္ဒပြသည့်အနေအထားမှ ဆူပူမှုနှင့် အဖျက်အမှောက် လုပ်ငန်းများမှတစ်ဆင့် အကြမ်းဖက်ဖြစ်စဉ်ဖြစ်ရပ်များသို့ ပိုမိုဦးတည်ဆောင် ရွက်လာနေကြသည်ကို အမှန်တရားကိုလိုလားသူ၊ အေးချမ်းသာယာမှုကို လိုလားသူ အများပြည်သူ လူထုအနေဖြင့် သိမြင်နား လည်ကြသည်ကိုတွေ့ရကြောင်း။
နိုင်ငံတော်အတွင်း မတ် ၅ ရက်တွင် လူစုလူဝေးဖြင့် ဆန္ဒပြဖြစ်စဉ်များ၊ အကြမ်းဖက်မှု ဖြစ်စဉ်များ ပြုလုပ်ခဲ့မှုအနေဖြင့်လည်းကောင်း၊ လူလူချင်းထောက်ထား ညှာတာမှုမရှိဘဲ အကြမ်းဖက် ဝါဒဆန်ဆန်ပြုမူမှုများ၊ အိမ်ဖောက်ထွင်း ပစ္စည်းလုယက်မှုဖြစ်စဉ်များ၊ အဆောက်အဦ ဖျက်ဆီးမှုဖြစ်စဉ်များ ကျူးလွန်ဆောင်ရွက်ခဲ့မှုများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်များကိုအသုံးပြုခြင်း၊ အသံမြည်ဗုံး၊ မျက်ရည်ယို ဗုံးများအသုံးပြုပြီး ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံးဖြစ်အောင် ဦးတည်ဆောင်ရွက် လျက်ရှိကြောင်း။
မတ် ၅ ရက်တွင် ဆူပူအကြမ်းဖက် ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်များအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း၊ အလုံ၊ စမ်းချောင်းနှင့် သာကေတမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်း မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တို့တွင်လူစု လူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖြိုခွဲ ထိန်းသိမ်းခဲ့ရကြောင်း။
ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာသုံးသပ်ရာတွင် ဆူပူအုံကြွမှုနည်းပါးသော ဒေသများရှိ လူငယ်ထု များအား နောက်ကွယ်ရှိ တိမ်းရှောင်ပုန်းခိုနေသူများက ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကောလာဟလ နည်းမျိုးစုံဖြင့် မခံမရပ်နိုင်အောင်နှိုးဆွခြင်း၊ လူငယ်ထု၏ စိတ်ခံစားမှုကို တက်ကြွလာအောင် ငွေကြေးထောက်ပံ့မှုများအပါအဝင် နည်းမျိုးစုံအသုံးပြုခြင်းများကို မပြတ်ဆောင်ရွက် လျက်ရှိသည်ကိုတွေ့ရှိရပြီး လူငယ်ထု၏မိဘများအနေဖြင့် လွန်စွာပူပန် စိတ်သောက ရောက်ရှိနေကြကြောင်း ဖော်ပြထားသည်။
(သတင်းစဉ်)
နောက်ဆုံးရသတင်းများ
28 Aug, 2025