ရန်ကုန် မတ် ၅
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်နှင့် ရန်ကုန် အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်တို့ကို ဆက်သွယ် တည်ဆောက်လျက်ရှိသော ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ။
ပြီးစီးရန်ခန့်မှန်း အဆိုပါ တံတားစီမံကိန်းကို ဂျပန်နိုင်ငံအစိုးရ(JICA) အကူအညီဖြင့် ဂျပန်နိုင်ငံ ၏ ချေးငွေ ဂျပန် ယန်း ၃၁ ဘီလီယံ အကုန်ကျခံကာ တည်ဆောက် ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင် စတင်တည်ဆောက်ခဲ့ကာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြီးစီးရန် ခန့်မှန်း လျာထားကြောင်းသိရသည်။
“ကျွန်တော်တို့ နေ့စဉ်တံတားဟောင်းပေါ်က ဖြတ်သန်းသွားလာနေတာ။ သာကေတမြို့နယ် ဘက်ခြမ်းဆို တံတားတွေ တော်တော်လေးပြီးစီးနေပြီ။ ရေလယ်မှာလည်း အဆက်မပြတ် လုပ်နေကြတာ
တွေ့ရတယ်။ ခုတံတားဟောင်းက တစ်လမ်းသွားဆိုတော့ တံတားပေါ်မှာ ကားတွေ စက်ချွတ်ယွင်း ပျက်စီးလို့ ကားလမ်းကြောင်းပိတ်တာတွေ အရင်က ရှိခဲ့ဖူးတယ်။ ခုတည်ဆောက်နေတဲ့ တံတားသစ်ကြီးပြီးရင် အဲဒီဖြစ်စဉ်တွေ ကင်းဝေးသွားမှာပါ”ဟု YBS 31 ကားပေါ်တွင် စီးနင်းလိုက်ပါလာသည့် သန်လျင်မြို့နယ်နေ ဒေသခံပြည်သူတစ်ဦးက ပြောပြသည်။
လက်ရှိ သန်လျင်တံတားဟောင်းမှာ ယာဉ်သွားလမ်းအနေဖြင့် အသွားတစ်လမ်း၊ အပြန် တစ်လမ်းဖြင့် နှစ်လမ်းသွားဖြစ်ပြီး အလယ်၌ ရထားလမ်းတစ်လမ်း ပါဝင်တည်ဆောက် ထားခြင်းဖြစ်သည်။ ယခုအသစ် တည်ဆောက်လျက်ရှိသော ပဲခူးမြစ်ကူးတံတား (သန်လျင် တံတား အမှတ်-၃)မှာ ယာဉ်သွားလမ်းအနေဖြင့် အသွားနှစ်လမ်း၊ အပြန်နှစ်လမ်းဖြင့် လေးလမ်းသွားလာနိုင်မည့် တံတားတစ်စင်းဖြစ်ပြီး ယာဉ်တစ်စီးချင်း ခံနိုင်ဝန်မှာ ၇၅ တန် ဖြစ်ကြောင်း သိရသည်။
သန်လျင်မြို့နယ်၌ သီလဝါအထူးစီးပွားရေးဇုန် & Myanmar International Terminals Thilawa (MITT)သီလဝါဆိပ်ကမ်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ကုန်စည်စီးဆင်းမှု အဝင်အထွက်များကို အထောက်အကူပြုစေမည်ဖြစ်ပြီး အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။ ထို့အတူ ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်တို့ရှိ ဒေသခံပြည်သူ များစွာတို့၏ လူမှုစီးပွားဘဝများ တိုးတက်မှုကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ - နိုင်လင်းကျော် (IPRD)
နောက်ဆုံးရသတင်းများ

23 Jun, 2025

23 Jun, 2025