Skip to main content

မုံရွာမြို့တွင် ကျောင်းအုပ်ဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ကို ဆန္ဒပြသူများက ဖမ်းဆီးခေါ်ဆောင် အကြမ်းဖက်မှုဖြစ်ပွား

နေပြည်တော် မတ် ၅ မုံရွာမြို့တွင် ကျောင်းအုပ်ဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ကို ဆန္ဒပြသူများက ဖမ်းဆီးခေါ်ဆောင် အကြမ်းဖက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းသတင်းထုတ်ပြန်ချက်တွင် မတ် ၃ ရက် နံနက် ၁၀ နာရီခန့်တွင် မုံရွာမြို့၊ မြဝတီ ရပ်ကွက်တွင် ဆူပူဆန္ဒပြသူများက လမ်းအားပိတ်ဆို့ရန်နှင့် အတားအဆီးများ ချထားရန် အတွက် ရပ်ကွက်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်း(ဒေါင်းကျောင်း)မှ စာသင်ခုံများကို ၎င်းတို့သဘောဖြင့် သယ်ထုတ်ကာ လမ်းအားပိတ်ဆို့ အသုံးပြုခဲ့ကြကြောင်း။ ဆူပူဆန္ဒပြသူများ ယူဆောင်သွားခဲ့သည့် စာသင်ခုံများကို ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့မှ ကျောင်းအဆောက်အဦအတွင်းသို့ ပြန်လည်သယ်ဆောင်ခဲ့ကြောင်း။ ယင်းကဲ့သို့ စာသင်ခုံများကို ပြန်လည်သယ်ဆောင်မှုအပေါ် ဆူပူဆန္ဒပြသူများက မကျေမနပ် ဖြစ်ကာ အော်ဟစ်ဆဲဆိုပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူကို မတရားဖမ်းဆီး ခေါ်ဆောင်၍ ဆံပင်နှင့် မျက်ခုံးမွေးများကိုရိတ်ပြီး ထိုနေ့ညနေပိုင်းတွင် ပြန်လည်စေလွှတ် ပေးခဲ့ကြောင်း။ ထိုကဲ့သို့ အကြမ်းဖက်သူ လူအုပ်စု၏ မတရားနိုင်ထက်စီးနင်း ပြုလုပ်မှုအားကြောက် လန့်နေရသဖြင့် ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူမှာ နေအိမ်တွင် ဆက်လက်နေထိုင် နိုင်ခြင်းမရှိ၍ နယ်မြေခံတပ်ရင်းသို့ ဆက်သွယ်သွားရောက် နေထိုင်ခဲ့ရကြောင်း။ ထိုသို့ သွားရောက် နေထိုင်စဉ်အတွင်း ယင်းနေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက်သူ ၂၅ ဦး ခန့်သည် ကျောင်းအုပ် ဆရာမကြီး၏ နေအိမ်တံခါးသော့အား ချိုးဖျက်ဝင်ရောက်ကာ အိမ်တွင်း ပစ္စည်းများကို ယူဆောင်ပြီး အိမ်ကိုဖျက်ဆီးခြင်းများ ထပ်မံပြုလုပ်ခဲ့သဖြင့် ဖြစ်စဉ်တွင် ပါဝင်သူများအား စုံစမ်းဖော်ထုတ်၍ အမှုဖွင့်အရေးယူ နိုင်ရေးဆောင်ရွက် လျက်ရှိကြောင်း။ နေရာဒေသအနှံ့အပြားတွင် ပုံသဏ္ဍာန်မျိုးစုံဖြင့် ဆန္ဒပြနေမှုများအပေါ် (အေးချမ်းစွာ ဆန္ဒပြ သူများ) ခေါင်းစဉ်ဖြင့် အမျိုးမျိုးသွေးထိုးလှုံဆော်ကာ ပုံဖော်နေသူများ၏ ယခုကဲ့သို့ အကြမ်းဖက်အဖွဲ့ အစည်းဆန်ဆန် ပြုမူဆောင်ရွက်မှုများကို သတင်းမီဒီယာများအနေဖြင့် ကျင့်ဝတ်နှင့်အညီ မျှတစွာ ရပ်တည်၍ ဖော်ပြသင့်ကြောင်း ဖော်ပြထားသည်။ (သတင်းစဉ်)