Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးဒေသ ခရီးသွားကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် မတ် ၅ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ Heritage Bagan Hotel အစည်းအဝေးခန်းမ၌ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၊ ပုဂံဇုန် ဟိုတယ် လုပ်ငန်း ရှင်များအသင်း ဒုဥက္ကဋ္ဌ၊ ပုဂံဇုန် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ဟိုတယ်များမှ အထွေထွေမန်နေဂျာများနှင့် ခရီးသွားကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်၊ ပြည်သူနှင့် လုပ်ငန်းရှင်များ အကျိုးရှိစေရေးအတွက် ဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒ၊ စည်းမျဉ်း စည်းကမ်းများ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဟိုတယ်နှင့် ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်ရေး အတွက် အရှိန်အဟုန်မြှင့် ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်၏ ပြရုပ်တစ်ခုဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍသည် နိုင်ငံတော်၏ သံတမန်အငယ်စားဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အနေဖြင့်လည်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍအား အထူး အလေးထားပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်များရှိ ဟိုတယ်များ ကိုဗစ်-၁၉ ကူးစက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် Enchanting Myanmar Health and Safety Protocols အစီအစဉ်အရ ဟိုတယ်များရှိ ဝန်ထမ်းများကို သင်တန်းများပေးခြင်း၊ Certificate များထုတ် ပေးခြင်း၊ ဟိုတယ်များအား ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေးပြီး ပြန်လည်ဖွင့်လှစ်နိုင်ရေး ခွင့်ပြုထားရှိပြီး ဖြစ်သည့်အတွက် ဟိုတယ်လုပ်ငန်းရှင် များအနေဖြင့် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးစေ လိုပါကြောင်း။ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရာတွင် ပြည်တွင်းခရီးသွားကို ဦးစားပေးဆောင် ရွက်သွားမည် ဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့်လည်း တည်းခိုခနှုန်းထားများ လျော့ချနိုင်ရန်အတွက် ဈေးကွက်ရှာဖွေဖော်ထုတ်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိရန်လိုအပ်ကြောင်း၊ လုပ်ငန်းရှင်များ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တင်ပြပေးစေလိုပြီး နိုင်ငံတော်၊ လုပ်ငန်းရှင်၊ ဒေသခံပြည်သူအားလုံး၏ အကျိုးဖြစ်သည့် အတွက် ဝိုင်းဝန်းကူညီပံ့ပိုးကူညီ ဆောင်ရွက် ပေးစေလိုပါကြောင်းပြောကြားသည်။ ထို့နောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် ကျော်က ဝန်ကြီးဌာနအနေဖြင့် ခရီးသွားမြှင့်တင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ နိုင်ငံပိုင် ဟိုတယ်များ ငှားရမ်းခ ဖြေလျော့ပေးမှုအခြေအနေ၊ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်ရန် စစ်ဆေးဆောင်ရွက် မည့်အခြေအနေများနှင့် သင်တန်းဖွင့်လှစ်ပေးနိုင်မှုများကို ရှင်းလင်းတင် ပြပြီး ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်ကျော်အုန်းက ပုဂံခရီးစဉ် ဒေသ အခြေအနေ၊ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဟိုတယ်များ ပြန်လည်ဖွင့်လှစ်လိုမှု၊ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေးထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပုဂံဇုန်ဟိုတယ်လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ၊ ပုဂံဇုန် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ဟိုတယ်များမှ အထွေ ထွေ မန်နေဂျာများက အခွန်အခများ လျော့ချပေးနိုင်ရေးအခြေအနေ၊ ခရီးသွားလုပ်ငန်းများအတွက် ချေးငွေရရှိရေး ပံ့ပိုးပေးနိုင်မှုများအပါအဝင် ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိသည့် Heritage Bagan Hotel အား ကြည့်ရှုစစ်ဆေးပြီးနောက် Aureum Palace Resort သို့သွားရောက်ကာ ဧည့်သည် များအား Check In နှင့် Menu ဖတ်ရှုနိုင်သည့် ဝန်ဆောင်မှု ကို QR Code စနစ်ဖြင့် ဆောင်ရွက်ပေးနိုင်မှု၊ Royal Palace Hotel နှင့် Tharabar Hotel မှ ကိုဗစ်-၁၉ တားဆီး ကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့် လှစ်ရန် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေစည်းခုံ၊ ထီးလိုမင်းလို၊ အာနန္ဒာဘုရားများသို့ သွားရောက်ဖူးမြော်ကြည်ညိုကာ ဘုရားဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။ ယင်းနောက် ဘုရားဖူးလာပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပြီး ပုဂံဒေသ တွင်းရှိ အသစ်ဖော်ထုတ်လျက်ရှိသည့် ကျောက်မျက်မှော် ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း နေရာသို့ သွားရောက်၍ နေဝင်ဆည်းဆာ အလှကြည့်ရှုကာ DMO အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ခရီးသွားများ စနစ်တကျသွားလာနိုင်မှုများနှင့်ပတ်သက်၍ လိုအပ်သည်များမှာ ကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)