Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပညာရေးဝန်ကြီးဌာန ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၅ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ယနေ့ နံနက် ပိုင်းတွင် ရုံးအမှတ်(၁၃) ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဖေဖော်ဝါရီ ၈ ရက် တွင် နိုင်ငံတော်၏အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်းပါ အချက်အလက်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကို အသေးစိတ်ရှင်းလင်းဆွေးနွေးကာ ဦးစီးဌာနအလိုက်၊ ကျောင်း အလိုက် အရာထမ်း အမှုထမ်းများကို အဆင့်ဆင့် ထပ်ဆင့်ရှင်းလင်း ဆွေးနွေးကြရန်မှာကြား သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတာဝန်ကို ကျေပွန်စွာ ထမ်းဆောင် လျက်ရှိသည့် ပညာရေးဝန်ထမ်းများကိုလည်း မိမိအနေဖြင့် ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း၊ ပညာရေး ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိရန်နှင့် ပြဌာန်းထားသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဝန်ထမ်း ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သုတေသန လုပ်ငန်းများကို ပိုမိုအလေးထား အားပေးဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်လာစေရေး ကြိုးပမ်း ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ် အဆင့်မြင့်ပညာရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ဦးစီးဌာန တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် မိမိတို့၏ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများအပေါ် ကိုယ်ချင်းစာစိတ်ဖြင့် စေတနာထားကာ လက်တွဲဆောင်ရွက်ကြ စေလိုပါကြောင်း ပြောကြား သည်။ ထို့နောက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက်တင်ပြဆွေးနွေးကြရာ လိုအပ်သည် များ ညှိနှိုင်းပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)