Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြည်သူလူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးကိုကို ထပ်ဆင့်ရှင်းလင်း

နေပြည်တော် မတ်လ ၅ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖေဖော်ဝါရီ ၈ ရက်တွင် ပြည်သူလူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်းအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ဝန်ထမ်းများသို့ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာ အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့် ပြုလုပ်သည်။ တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခရိုင်ဆင့်ရှိ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တပ်မတော်သည် ခေတ်အဆက်ဆက် ပြည်သူ နှင့်ပတ်သက်လာလျှင် “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆိုသည့် ဆောင်ပုဒ်ကို ဦးထိပ်ထား ဆောင်ရွက်ခဲ့သော အဖွဲ့အစည်းလည်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကိုလည်း မဖောက်မပြန် ခိုင်ခိုင်မာမာ ရပ်တည်နေသည့် အဖွဲ့အစည်းလည်း ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို လေးစားလိုက်နာ လျက်ရှိသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် ပြည်သူများ လိုလားတောင်းဆိုသည့် “ပါတီစုံဒီမိုကရေစီစနစ်”ကို တည်ငြိမ် အေးချမ်းစွာ အသွင်ကူးပြောင်းပေးခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းကို လျှောက်လှမ်းပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲများ အပါအဝင် ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်တို့တွင် ၄ ကြိမ် ကျင်းပခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးကာလတွင် အငြင်းပွားမှုများ ဆက်တိုက် ဖြစ်ခဲ့ကြောင်း။ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တရားမျှတမှုရှိစေရန်၊ ဖြေရှင်းပေး ရန် UEC ကို ရွေးကောက်ပွဲ မတိုင်မီကတည်းက တောင်းဆိုမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော် လည်း ဆောင်ရွက်ပေးခြင်းမရှိခဲ့သဖြင့် တပ်မတော်ကို အကူအညီတောင်းခံခဲ့ကြောင်း၊ တပ်မတော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ “၂၀၀၈ ခုနှစ်” ပြဌာန်းချက်များနှင့်အညီ UEC၊ လွှတ်တော်နှင့် သမ္မတတို့ထံ မဲစာရင်းများ ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြောင်း၊ တာဝန်ရှိသူ များအနေဖြင့် အကြောင်းအမျိုးမျိုးပြပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများ ပျက်ကွက်ခဲ့သဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ “၂၀၀၈ ခုနှစ်” နှင့်အညီ နိုင်ငံတာဝန်များ ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တာဝန်ကို ထမ်းဆောင် နေစဉ် ရှေ့ဆက်ဆောင် ရွက်မည့်အချက် (Road Map) ၅ ချက်ကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ ၅ ချက်နှင့်အညီ ဆောင်ရွက်နေ ကြောင်းတို့ကို အသေးစိတ် ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြည်သူ လူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်းပါ အချက်အလက်များနှင့် ရှေ့လုပ်ငန်းစဉ် (Road Map) ၅ ရပ် တို့ကို မိမိတို့၏ ဝန်ထမ်းများကို ထပ်ဆင့်ရှင်းလင်းပေးရန်နှင့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် ဦးတည်ချက် ၉ ရပ်ကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)