Skip to main content

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် မတ် ၄ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ကုလသမဂ္ဂနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ ညှိနှိုင်းဆွေးနွေး ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ပြည်သူလူထုနှင့် အများဆုံးထိတွေ့ဆက်ဆံရပြီး ပြည်သူ့အကျိုးကို တိုက်ရိုက်အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်း NGOs၊ INGOs များနှင့်လည်း ထိတွေ့ဆက်ဆံနေရသည့်အတွက် MoU၊ LoA ကိစ္စများသည် အရေးကြီးသော ကဏ္ဍဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ထိတွေ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာမှ နည်းပညာအကူအညီ Technical Assistance နှင့် အမူအကျင့်ကောင်း Best Practice များ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့က ၎င်းတို့စီမံကိန်းရန်ပုံငွေဖြင့် မိမိတို့နိုင်ငံအတွင်း သက်ဆိုင်ရာစီမံချက်၊ စီမံကိန်းများ ဆောင်ရွက်ခြင်း၊ ဖြစ်သောကြောင့် နိုင်ငံအတွက် Financial Assistance ရရှိသည်ဟု ဆိုနိုင်ပါကြောင်း၊ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိနိုင်သော စီမံကိန်းများဖြစ်ရန် အရေးကြီးပါကြောင်း၊ မိမိတို့၊ တိုင်းပြည်အတွက် ကူညီဆောင်ရွက်ပေးခြင်းများကိုလေးစားရမည်ဖြစ်သော်လည်း တိုင်းပြည်အကျိုး စီးပွားထိခိုက်စေနိုင်သည့်သူများကိုလည်း သတိပြု စောင့်ကြည့်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် MoU၊ LoA များကို ပြန်လည်စိစစ်ရန် လိုအပ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အဖွဲ့အစည်း အများစုမှာ မိမိတို့ဝန်ကြီးဌာနနှင့် ကာလတာရှည် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ ရေရှည်တွင် မိမိတို့ကိုယ်တိုင် စီမံဆောင်ရွက်နိုင်ရန်အတွက်လည်း ကြိုးစားရမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။ ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးလက်ထောက်အတွင်းဝန်က နိုင်ငံခြားအကူအညီဖြင့် ဆောင်ရွက်သည့်စီမံကိန်းများနှင့် စပ်လျဉ်း၍ နားလည်မှုစာချွန်လွှာ၊ သဘောတူညီမှုစာလွှာ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုစာလွှာ ရေးထိုးရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်း ၂၇ ဖွဲ့၊ သဘောတူညီမှု စာလွှာ (LOA) ရေးထိုးဆောင်ရွက် လျက်ရှိသည့် အဖွဲ့သုံးဖွဲ့၊ နည်းပညာ သဘောတူညီမှုစာလွှာ (LTA) ရေးထိုးဆောင်ရွက်လျက်ရှိသည့် အဖွဲ့နှစ်ဖွဲ့၊ စီမံကိန်းသဘောတူစာချုပ် (Project Agreement) ရေးထိုးဆောင်ရွက်လျက်ရှိသည့် အဖွဲ့သုံးဖွဲ့နှင့် လုပ်ငန်းအစီအစဉ် (Workplan)ရေးထိုး ဆောင်ရွက်လျက်ရှိသည့် အဖွဲ့တစ်ဖွဲ့ စုစုပေါင်း ၃၆ ဖွဲ့တို့နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေ အနေနှင့် ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန EOC ဌာနကြီးမှူးက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် MoU၊ LoA၊ Lol ရေးထိုး ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်း ၁၉ ဖွဲ့တို့နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စာချုပ်တွင်ပါဝင်သော စီမံကိန်းဒေသများ အတွက် ရန်ပုံငွေများကို ထိရောက်စွာ အသုံးပြုနိုင်ရန် ဝန်ကြီးဌာနက စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးအဖွဲ့ နှစ်ဖွဲ့ဖွဲ့၍ ကွင်းဆင်းလေ့လာမှု အခြေအနေကို လည်းကောင်း၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြန်လည်ထူထောင်ရေးဦးစီးဌာန အနေဖြင့် ၂၀၁၈ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သဖြင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် MoU၊ LoA သက်တမ်းတိုး ဆောင်ရွက်နေသည့် အဖွဲ့အစည်း မရှိသည့်အခြေအနေ၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာနနှင့် MoU လက်မှတ်ရေးထိုး ပြီးစီးသည့်အဖွဲ့အစည်း သုံးခု၊ MoU လက်မှတ်ရေးထိုးရန်ဆောင်ရွက်ဆဲ အဖွဲ့ အစည်း ငါးခု၊ LoA လက်မှတ်ရေးထိုးပြီးစီးသည့် အဖွဲ့အစည်း နှစ်ခု၊ LoA လက်မှတ်ရေးထိုးရန် ဆောင်ရွက်ဆဲအဖွဲ့အစည်း နှစ်ခု၊ MoU လက်မှတ်ရေးထိုး ပြီးစီးသည့် အဖွဲ့အစည်းသုံးခု၊ LoA လက်မှတ်ရေးထိုးပြီးစီးသည့် အဖွဲ့အစည်းနှစ်ခုတို့နှင့် စပ်လျဉ်းသည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက NGOs၊ INGOs အဖွဲ့အစည်းများမှ လုပ်ငန်းဆောင်ရွက် ချက်များသည် အမှန်တကယ်ဆောင်ရွက်ခြင်း ရှိ၊ မရှိ၊ အကျိုးသက်ရောက်မှု ရှိ၊ မရှိ၊ Beneficiaries များ အမှန်တကယ် အကျိုးခံစားရခြင်း ရှိ၊ မရှိတို့ကို လေ့လာဆန်းစစ်သွားရမည် ဖြစ်ကြောင်း၊ စောင့်ကြည့် အကဲဖြတ်ခြင်း (Monitoring and Evaluation) ကို မူဘောင်နှင့် စနစ်တကျ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။ သတင်းစဉ်