နေပြည်တော် မတ် ၄
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင်တိုက်နယ် ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ် ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် ပြည်သူ့ဆေးရုံနှင့် ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များ က နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန် များနှင့် သူနာပြုများ လာရောက်ကုသပေးနိုင်ပါရန် အကူအညီတောင်းခံမှုကြောင့် သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တပ်နယ်များအလိုက် တပ်မတော် ဆေးရုံမှ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များ နှင့်သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာခံစား နေရသည့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။
အဆိုပါဆေးရုံများ၌ တပ်မတော်ဆေးကုသရေး အဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် ခွဲစိတ်ကုသ မှုဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆက်လက် ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအား ခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာတိုက်နယ်ဆေးရုံရှိ ဆရာဝန်များ နှင့် သူနာပြုများသည် ၎င်းတို့၏ လုပ်ငန်းတာဝန် များကို ထမ်းဆောင်ခြင်းမရှိဘဲ တာဝန်များ ပျက်ကွက် လျက်ရှိသောကြောင့် တိုက်နယ်ဆေးရုံပိတ်ထားရပြီး ဒေသခံပြည်သူများအနေဖြင့် ဆေးကုသရန် အခက် အခဲများဖြစ်ပေါ်လျက်ရှိကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ အကူအညီတောင်းခံလာခဲ့သဖြင့် နယ်မြေခံတပ်မတော်ဆေးရုံများမှတပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့ အား စေလွှတ်၍ ရောဂါဝေဒနာများ ခံစားနေရသည့် ပြည်သူများအား အဆိုပါကျေးရွာရှိ အောင်မင်္ဂလာကျောင်းတိုက်၌ မတ် ၃ ရက်မှစတင် ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာန ချုပ်အသီးသီးရှိ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ ဒေသခံပြည်သူများအား ဆေးကုသ ပေးထားမှုအခြေအနေများ၊ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက် ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထိုသို့ ကျန်းမာရေးစောင့် ရှောက်ပေးမှုအပေါ် ဒေသခံပြည်သူများအနေဖြင့် အထူးပင် ကျေးဇူးတင်ဝမ်းမြောက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်