စစ်တွေ မတ် ၄
ရခိုင်ပြည်နယ်၌ တောင်သူ လယ်သမားများသည် ပုံမှန်အားဖြင့် တစ်နှစ်လျှင် စပါး တစ်သီးသာ စိုက်ပျိုးလေ့ ရှိပါ သည်။ သီးနှံတစ်သီးသာ စိုက်ပျိုး မှုများမှ သီးထပ်သီးနှံ စိုက်ပျိုး ပါက အောင်မြင်မှု ရရှိနိုင်ကြောင်းတောင်သူ လယ်သမားများ လက်တွေ့သိရှိစေရန် စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ မြောင်း တွေ စိုက်ပျိုးရေးသုတေသနစခန်း တာဝန်ခံ လက်ထောက်သုတေသနအရာရှိ ဦးနိုင်မျိုးအောင်က စစ်တွေမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာန ဝန်ထမ်းများနှင့် ပူးပေါင်း၍ စပါးအပြီး သီးထပ်စိုက်ပျိုး စမ်းသပ်မှုများ ဆောင်ရွက်လျက် ရှိသည်။
ထိုသုတေသန စိုက်ခင်းသို့ ၂၈.၂.၂၀၂၁ ရက်နေ့၌ ရခိုင် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသိုက်စိုး၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူး တို့ပူးပေါင်း၍ စစ်တွေမြို့နယ်၊ ကွီတဲကျေးရွာမှ တောင်သူ လယ်သမား ၂၀ အား စပါးအပြီး သီးထပ်သီးနှံ စိုက်ပျိုးစမ်းသပ် မှုများကို ရှင်းလင်းပြသခဲ့ သည်။
ဤသုတေသန ပြုလုပ်ပြသ ရခြင်း၏ ရည်ရွယ်ချက်မှာ သီးထပ်စိုက်ပျိုးမှုဖြင့် တောင်သူ လယ်သမားများ ဝင်ငွေပိုမိုတိုးတက် ရရှိလာစေရန်ဖြစ်ပြီး ရေချိုရှားပါး ခြင်း၊ လုပ်ခဈေးနှုန်းမြင့်မားခြင်း တို့ကြောင့် မြေတွင်းရှိ အစိုဓာတ် နှင့် ဆီးနှင်းကျရောက်မှုဖြင့် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် သီးနှံ များ ရှာဖွေဖော်ထုတ်ခြင်း ဖြစ်သည်။
ယခင် ၂၀၁၉-၂၀၂၀ ခုနှစ် နှစ်နှစ်တာ ကာလအတွင်း စမ်းသပ်မှုများအရ ရခိုင်ပြည်နယ် ၌ စပါးအပြီး သီးထပ်သီးနှံအဖြစ်မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပန်းနှမ်း၊ ဘိုကိတ်ပဲနှင့် ဆီမုန်ညင်းသီးနှံ တို့ကို ရေမသွင်းရဘဲ စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်ပြီး စီးပွားရေး တွက်ခြေကိုက်မှု ရှိကြောင်း တောင်သူ လယ်သမားများအား ရှင်းလင်းပြသ ခဲ့ခြင်းဖြစ်သည်။ တောင်သူလယ်သမားများက လည်း စိတ်ပါဝင်စားစွာ သုတေသနစိုက်ခင်းများအား ကြည့်ရှုကြပြီး သိရှိလိုသည့်အကြောင်းအရာများကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့သည်။
သတင်းစဉ်