နေပြည်တော် မတ် ၄
နိုင်ငံတော်ဆန့်ကျင်ရေးအစုအဖွဲ့များအနေဖြင့် လူငယ်ထုများအား ရှေ့တန်းတင်ကာ ပိုစတာ များ၊ ဆိုင်းဘုတ်များ၊ ဆန္ဒပြသူအဖွဲ့များအတွက် ပစ္စည်းမျိုးစုံတီထွင်ကာ နောက်ကွယ်မှ ထောက်ပံ့သော ငွေကြေးအမြောက်အများကို အကုန်ကျခံပြီး နိုင်ငံရေးသမားအများစုက လှုံဆော်မှုပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်အရ ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဆူပူဆန္ဒပြသူ လူအုပ်စုများအနေဖြင့် လမ်းကြောင်းများကို နည်းမျိုးစုံဖြင့် ပိတ်ဆို့ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင် များကို ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ညှင်းပန်းခြင်း၊ သံဃာတော်များအား သာသနာ ညှိုးနွမ်းစေပြီး အကြမ်းဖက်ဆန်စွာဆောင်ရွက်ခြင်း၊ ဘဏ်ကို ဖျက်စီး၍ ATM ငွေထုတ်စက်ကို ချိုးဖျက်ကာ ငွေများလုယူခြင်း၊ နိုင်ငံတော်ပိုင်အဆောက်အဦနှင့်ယာဉ်များကို ဖျက်ဆီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့သုံးယာဉ်များကို ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက် နေကြသည်ကို တွေ့ရှိရကာ လုံခြုံရေးတပ်ဖွဲ့အနေဖြင့် လူစုလူဝေးပြိုကွဲရေးအတွက် အဓိကရုဏ်းဖြိုခွဲရေး လက်နက်များကို အသုံးပြုဆောင်ရွက်ရလျက်ရှိကြောင်း။
မတ် ၄ ရက်တွင် ဆူပူအကြမ်းဖက်ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်များအနေဖြင့် နေပြည်တော် ပျဉ်းမနား၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး အလုံ၊ စမ်းချောင်း၊ ကျောက်တံတား မြို့နယ်၊ မန္တလေးတိုင်းဒသကြီး ပျော်ဘွယ်၊ မြင်းခြံမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်နှင့် ထားဝယ် မြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ရှမ်းပြည်နယ် တောင်ကြီး မြို့နယ်တို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွဲထိန်းသိမ်းခဲ့ရကြောင်း။
ဖြစ်စဉ်များတွင် နောက်ကွယ်မှ သွေးခွဲမြှောက်ပင့်စည်းရုံးလှုံ့ဆော် ဆောင်ရွက်နေမှုများကြောင့် လူငယ်ထုအနေဖြင့် စိတ်ခံစားမှုများကို ရှေ့တန်းတင်ကာ အကြမ်းဖက်ပုံစံကဲ့သို့ တိုးမြှင့် လုပ်ဆောင်လာနေသည်ကို တွေ့မြင်နေရကြောင်း။
နိုင်ငံရေးသမားအများစုအနေဖြင့် အန္တရာယ်ကင်းလွတ်သည့် နေရာများတွင် ပုန်းခိုကာ လူငယ် ထုကို လမ်းပေါ်ထွက်စေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံစေကာ အကြမ်းဖက် လုပ်ရပ်များ ဖြစ်ပေါ်စေရန် ဆောင်ရွက်နေမှုများအပေါ် မိဘပြည်သူလူထုများ အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန် အသိပေးထားကြောင်း သိရသည်။
(သတင်းစဉ်)