Skip to main content

ပျဉ်းမနားမြို့၌ အကြမ်းဖက်သူလူအုပ်စုမှ ရဲတပ်ဖွဲ့ဝင်(၁)ဦးကို အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်၍ ခေါင်းတုံးတုံးခြင်း၊ မျက်ခုံးမွှေးရိတ်ခြင်းများပြုလုပ်

နေပြည်တော် မတ် ၄ ပျဉ်းမနားမြို့၌ အကြမ်းဖက်သူလူအုပ်စုမှ ရဲတပ်ဖွဲ့ဝင်(၁)ဦးကို အကြောင်းမဲ့ဖမ်းဆီး ရိုက်နှက်၍ ခေါင်းတုံးတုံးခြင်း၊ မျက်ခုံးမွှေးရိတ်ခြင်းများပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ ယင်းသတင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပျဉ်းမနားမြို့၊ မန်ကျီးတောရပ်ကွက်၊ ဗိုလ်တာရာ လမ်းကြားတွင် ယနေ့ နံနက် ၈ နာရီ မိနစ် ၂၀ က ဆူပူအော်ဟစ် ဆန္ဒပြသူ ခေါင်းဆောင် (စိစစ်ဆဲ) အင်အား(၁၀၀)ကျော်ခန့်သည် ဒေသန္တရ ပြုလုပ်ထားရှိသော (ဒိုင်း) များအားကိုင်တွယ်၍ တာယာကွင်းများ၊ အုတ်ခဲများအသုံးပြု၍ လည်းကောင်း၊ ဝါးလုံးများဖြင့် ကန့်လန့်ဖြတ်တားဆီးခြင်း၊ ကျားလန်များထိုး၍ ကာရံခြင်းများ ပြုလုပ်ကာ လမ်းကိုပိတ်ဆို့၍ ဆူပူအော်ဟစ်ဆန္ဒပြခဲ့ကြကြောင်း။ ဆူပူဆန္ဒပြသူလူစုလူဝေးကို လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်၍ လူစုခွဲရန် ဥပဒေနှင့်အညီ အကြိမ်ကြိမ်မေတ္တာရပ်ခံ အသိပေးပြောကြားခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ဆက်လက် ဆောင်ရွက်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကာအရံအတားအဆီးများကို ဖယ်ရှား ရှင်းလင်းကာ ဒသမ ၁၂ ဗို့ ပြောင်းချောသေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာမှ နံနက် ၉ နာရီကျော်ခန့်တွင် လူစုကွဲသွားခဲ့ကြောင်း။ ဖြစ်စဉ်ဖြစ်ပွားနေစဉ် ဆူပူအော်ဟစ်ဆန္ဒပြသူလူအုပ်စုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စတင် ထိတွေ့ချိန် အနီး၌သတင်းရယူနေသော နယ်မြေခံရဲတပ်ဖွဲ့ဝင်(၁)ဦးကို လူအုပ်စုအတွင်းမှ လူအချို့က အဓမ္မအင်အားသုံးဖမ်းဆီးပြီး မျက်နှာကိုအဝတ်ဖြင့်စည်း၍ ယာဉ်ပေါ်တွင် ထိန်းသိမ်း ခေါ်ဆောင်သွားခဲ့ကြောင်း။ ဖမ်းဆီးခေါ်ဆောင်ခံရသည့် တပ်ဖွဲ့ဝင်ကို ပြန်လည်ခေါ်ဆောင်နိုင်ရေး ရှာဖွေနေစဉ် မွန်းလွဲ ၁၂ နာရီခွဲတွင် ကင်ပွန်းတန်းလမ်းဆုံ၊ ဆောက်လုပ်ရေးဝင်းထိပ်တွင် ၎င်းတပ်ဖွဲ့ဝင်၏ ဆံပင်အား ကွက်ကျားတုံးခြင်း၊ မျက်ခုံးမွှေးရိတ်ခြင်းများဖြင့် မျက်နှာကို အဝတ်စည်းလျက် ယာမျက်လုံး အောက် ဖူးယောင်ဒဏ်ရာတို့ဖြင့် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း။ ဆန္ဒပြသူလူအုပ်စုအနေဖြင့် တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းကို ဖမ်းဆီးချုပ်နှောင် ခြင်းအတွက် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။ (သတင်းစဉ်)