Skip to main content

မြင်းခြံမြို့၌ အကြမ်းဖက်သူလူတစ်စုမှ သံဃာတော်တစ်ပါးအား ဖမ်းဆီး၊ လူဝတ်လဲ၊ ရိုက်နှက်မှု ဖြစ်စဉ်ဖြစ်ပွား

နေပြည်တော် မတ် ၄ မြင်းခြံမြို့၌ အကြမ်းဖက်သူလူတစ်စုမှ သံဃာတော်တစ်ပါးကို ဖမ်းဆီး၊ လူဝတ်လဲ၊ ရိုက်နှက် ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယင်းသတင်းထုတ်ပြန်ချက်အရ မတ် ၃ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ဆူပူဆန္ဒပြသူလူစုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွဲထိန်းသိမ်းခဲ့ရကြောင်း၊ ယင်းနေ့ ညနေပိုင်းတွင် Online Media ၌ မြင်းခြံမြို့၊ ရပ်ကွက်(စိစစ်ဆဲ)အတွင်း သံဃာတော် တစ်ပါးအား ဆူပူသူလူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်၍ သေဆုံးခဲ့ကြောင်းသတင်းအား တွေ့ရှိရ သဖြင့် ဖြစ်စဉ်မှန်ကန်ပါက သံဃာတော်အား ကယ်တင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ ပေါင်းစပ်ကာ သတင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း။ သတင်းဆက်စုံစမ်းမှုအရ မတ် ၄ ရက် နံနက်စောပိုင်းတွင် ၎င်းသံဃာတော်မှာ ဒဏ်ရာ အများအပြားရရှိထားကာ လူဝတ်လဲ၍ မြင်းခြံမြို့ပြင်ရှိ တောရကျောင်းရှေ့တွင် ယာဉ်တစ်စီး ဖြင့် လာရောက်ချသွားခဲ့ကြောင်း၊ ဖြစ်စဉ်အား တာဝန်ရှိသူများက သွားရောက်တွေ့ဆုံစိစစ်ခဲ့ရာ မြင်းခြံမြို့တွင် မတ် ၃ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆူပူသူလူအုပ်စုအားဖြိုခွဲစဉ် ၎င်း သံဃာတော်သည် သီတင်းသုံးနေထိုင်ရာ မန္တလေးမြို့၊ တံခွန်တိုင် အဝိုင်းအနီးရှိ ဘုန်းကြီးကျောင်းမှ မြင်းခြံမြို့သို့ ဒါယကာ(၂)ဦးနှင့်အတူ မော်တော်ယာဉ်ဖြင့် လာရောက်စဉ် ဆူပူဆန္ဒပြသူလူအုပ်စုနောက်သို့ ရောက်ရှိခဲ့ကြောင်း၊ မော်တော်ယာဉ်ကို ဆက်လက်မောင်းနှင် လာစဉ် လူအုပ်စုက မော်တော်ယာဉ်နောက်မှ လိုက်ပါလာပြီး ယာဉ်ပေါ်မှ လူအုပ်စုအတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ကောလာဟလထုတ်လွှင့်ကာ မော်တော်ယာဉ်ကို ပိတ်ဆို့ ဖမ်းဆီးပြီး ယာဉ်အား ထုခွဲဖျက်ဆီးခြင်း၊ ယာဉ်ပေါ်ပါ သံဃာတော်အား ရိုက်နှက်ခြင်းတို့ ပြုလုပ် ခဲ့ပြီး အထက(၂)အနီးတွင် လူဝတ်လဲကာ ထိန်းသိမ်း၍ ယနေ့နံနက်တွင် တောရကျောင်းရှေ့သို့ ကားဖြင့်လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းသံဃာတော်အား နယ်မြေခံတပ်တွင်ခေတ္တထားရှိကာ လိုအပ်သော ကျန်းမာရေး ကုသမှု များ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ သံဃာတော် အစစ်အမှန်အား သာမန်လူကဲ့သို့သဘောထား ရိုက်နှက်ခြင်း၊ အရပ်ဝတ်လဲခြင်းများဖြင့် သာသနာတော်အား ထိခိုက်ညှိုးနွမ်းအောင် ပြုမူလုပ်ဆောင်ခဲ့သဖြင့် ဗုဒ္ဓဘာသာဝင်လူထုအနေဖြင့် ၎င်းလုပ်ရပ်အပေါ် စက်ဆုပ်ရွံရှာ မုန်းတီးရှုံ့ချလျက်ရှိကြောင်း သိရသည်။ (သတင်းစဉ်)