နေပြည်တော် မတ် ၄
မြင်းခြံမြို့ရှိ မြဝတီဘဏ် ATM ငွေထုတ်စက်ကို လူစုလူဝေးဖြင့် ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသတင်းထုတ်ပြန်ချက်အရ မတ် ၄ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် ဆူပူဆန္ဒပြရန် ရည်ရွယ်ချက်ဖြင့် လူစုလူဝေးအင်အား(၈၀)ခန့်သည် မြင်းခြံမြို့နယ်(၁၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း နှင့် လမ်းသစ်လမ်းထောင့်ရှိ မြဝတီဘဏ်ရှေ့တွင် စုဝေးရောက်ရှိနေကြောင်း။
မြဝတီဘဏ်အနေဖြင့် ယနေ့တွင် ဘဏ်လုပ်ငန်းဆောင်ရွက်မှုမရှိဘဲ ဘဏ်ပိတ်ထားပြီး ဆူပူ အကြမ်းဖက်လူအုပ်စုမှ ဘဏ်အဆောက်အဦကို ကျောက်ခဲ၊ အုတ်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ဘဏ်ရှေ့ရှိ ATM စက်အား ရိုက်ချိုးဖျက်ဆီးခြင်းများပြုလုပ်ကာ စက်အတွင်းရှိ ငွေတန်ဘိုး (စိစစ်ဆဲ) ကို ယူဆောင်ထွက်ပြေးသွားကြောင်း။
ဆန္ဒပြသူလူစုလူဝေးများအနေဖြင့် ဆန္ဒပြခေါင်းစဉ်နှင့်အတူ အဖျက်အမှောက် လုပ်ငန်းများကို ပူးတွဲပြုလုပ်ခြင်း၊ အကြမ်းဖက်မှုကျူးလွန်ခြင်းများကို နေရာအနှံ့အပြားတွင် အများအပြား လုပ်ဆောင်နေသည်ကို တွေ့ရှိရကြောင်း၊ ၎င်းကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖြိုခွဲရာတွင် မလိုလားအပ်သော ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်များ မဖြစ်ပွားရေး အတွက် ပြည်သူလူထုအနေဖြင့် လိုက်ပါဆောင်ရွက်ခြင်းမပြုကြရန် အသိပေးထားကြောင်း သိရသည်။
(သတင်းစဉ်)