နေပြည်တော် မတ် ၂
(၂၇) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နေပြည်တော်မှ ပါဝင်တက်ရောက်သည်။
ရှင်းလင်းတင်ပြ
အစည်းအဝေး ပထမပိုင်းအနေဖြင့် အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့ တွေ့ဆုံဆွေးနွေးသည်။ ထိုသို့ တွေ့ဆုံရာတွင် အာဆီယံစီးပွားရေးအကြံပေး ကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံမှ Dr. Ar. Siti Rozaimeriyanty DSLJ Haji Abd Rahman နှင့် နိုင်ငံအလိုက် အဖွဲ့ဝင်များက အာဆီယံစီးပွားရေးအကြံပေးကောင်စီ၏ ၂၀၂၁ ခုနှစ် ဦးတည်ချက်ဖြစ်သည့် ပြန်လည်ထူထောင်ရေး ပိုမိုကြံ့ခိုင်ရေးနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ရေးဖြင့် ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများကို ရှင်လင်းတင်ပြသည်။
ထို့နောက် အာဆီယံစီးပွားရေးအကြံပေးကောင်စီ အဖွဲ့ဝင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇင်မင်းဝင်း က မြန်မာနိုင်ငံ၏ လက်ရှိကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို တင်ပြသည်။
ဆက်လက်၍ ဝန်ကြီးများက အဆီယံစီးပွားရေး အသိုက်အဝန်းအကောင်အထည်ဖော်ရာတွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ ဒေသတွင်း ကိုဗစ်-၁၉ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်းနှင့် ဒေသတွင်း စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး က ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပုဂ္ဂလိက ကဏ္ဍ၏ အရေးပါမှုနှင့် ၂၀၂၁ ခုနှစ်တွင် အာဆီယံစီးပွားရေး အကြံပေးကောင်စီ၏ အကောင်အထည်ဖော်မည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ချုပ်ဆိုခဲ့သည့် ဒေသတွင်းနှင့် နိုင်ငံတကာ သဘောတူစာချုပ်များကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများအရ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အာဆီယံ စီးပွားရေးအကြံပေးကောင်စီအဖွဲ့ဝင်များ၏ ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က ရှင်းလင်းဆွေးနွေးရာတွင် လက်ရှိအစိုးရအနေဖြင့် ယခင်အစိုးရ အဆက်ဆက်ခွင့်ပြုခဲ့သည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရန် အာမခံကြောင်း၊ အထူးသဖြင့် ခွင့်ပြုပြီးသော စီးပွားရေးလုပ်ငန်းများတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ကူညီဆောင်ရွက်ပေးရန်အတွက် ဦးစားပေး အစီအစဉ်များ ချမှတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလျင်မြန်လွယ်ကူချောမွေ့စေရန် SMART အစီအစဉ် ရေးဆွဲ အကောင်အထည်ဖော်လျက် ရှိကြောင်း၊ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန်နှင့် ပိုမိုပွင့်လင်း မြင်သာစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ကျင်းပ
ထို့နောက် ဒုတိယပိုင်းအနေဖြင့် (၂၇) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးကို ဆက်လက်ကျင်းပရာ အစည်းအဝေးတွင် အာဆီယံနိုင်ငံများ၏ ကိုဗစ်-၁၉ အလွန် ပြန်လည်ထူထောင်ရေးဆောင်ရွက်ချက်များအပေါ် အမြင်ချင်းဖလှယ်ခြင်း၊ အာဆီယံအနေဖြင့် ကမ္ဘာ့ ထုတ်လုပ်မှုကွင်းဆက်တွင် ပိုမိုပါဝင်နိုင်ရေးနှင့် အာဆီယံဘက်စုံ ပြန်လည်ထူထောင်ရေးမူဘောင်တွင် ပါဝင်သည့် အာဆီယံစီးပွားရေးအသိုက်အဝန်းနှင့် ပတ်သက်သောကိစ္စရပ်များ အကောင်အထည်ဖော်မှု အခြေအနေအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ဦးစားပေးအကောင်အထည်ဖော်မည့် စီးပွားရေးဆိုင်ရာလုပ်ငန်းများအား အတည်ပြုခြင်း၊ ချုပ်ဆိုခဲ့သည့် အာဆီယံစီးပွားရေး သဘောတူစာချုပ်များ၏ စာချုပ်အသက်ဝင်ရေးအတွက် ဆောင်ရွက်မှုအပေါ် လမ်းညွှန်ချက်များ ချမှတ်ခြင်း၊ အာဆီယံ အသိုက်အဝန်း၏ ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရန် ပြင်ဆင်ဆောင်ရွက်မှု၊ အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် ပြန်လည် သုံးသပ်ခြင်း ဆောင်ရွက်မှုအခြေအနေနှင့် အနာဂတ်တွင် အာဆီယံ-အီးယူ လွတ်လပ်သော ကုန်သွယ်မှုဒေသထူထောင်ရေး ညှိနှိုင်းမှုများအတွက် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ပါဝင်ဆွေးနွေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၉ ကကကွပ်၊ ထိန်းချုပ် ကုသရေးနှင့်စပ်လျဉ်း၍ ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒများနှင့် လုပ်ငန်းစဉ်ကိုလည်းကောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတော်က ပံ့ပိုးဆောင်ရွက် နေမှုကိုလည်းကောင်း၊ အာဆီယံဘက်စုံပြန်လည် ထူထောင်ရေးမူဘောင်ပါ အကောင်အထည်ဖော်မှုများကို အာဆီယံနိုင်ငံများနှင့်အတူ ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံစီးပွားရေးအသိုက်အဝန်း၏ လုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော်မှုအခြေအနေများ တွင် အခြားအာဆီယံ စီးပွားရေးဝန်ကြီးများနှင့်အတူ ပါဝင်ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် နိုင်းဒါရူဆလမ်နိုင်ငံ၊ ဝန်ကြီးချုပ်ရုံးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေဝန်ကြီးဌာန၊ ဝန်ကြီး Dato Dr. Amin Liew Abdullah က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံစီးပွားရေး အကြံပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးကို မတ် ၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်