နေပြည်တော် မတ် ၂
လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ သီတင်းသုံး နေထိုင် တော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက ဆွမ်းဆန် တော်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် နှစ်ထပ်ကျောင်းဆောင်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင် ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒမဟာ ထေရ်မြတ်ကြီး အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေး နှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာ တော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲ တမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိ စာသင်တိုက်၊ ပဓာနနာ ယကဆရာတော် ဘဒ္ဒန္တဇနိန္ဒမဟာထေရ်မြတ်ကြီးထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွား သရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် COVID-19 ရောဂါ ကင်းဝေး စေရေးအတွက် ရည်ရွယ်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီး၏ ဩဝါဒတော်နှင့် အညီ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် သံဝေဇနိယလေးဌာန “ဖွား၊ ပွင့်၊ ဟော၊ စံ” စေတီတော်မြတ်ကြီးတို့တွင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပ လျက်ရှိသဖြင့် ဝမ်းမြောက်ကြည်နူးဖွယ်ရာ ကုသိုလ်တရားများ ပွားများခံစားရပါကြောင်း၊ သံဃာတော် များဆွမ်းဆန်တော် မကြောင့်ကြစေရေးအတွက် ဖေဖော်ဝါရီ ၁၉ ရက်တွင် ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်းနှင့် သီလရှင်ကျောင်း ၇ ကျောင်း၌ သီတင်းသုံး နေထိုင်လျက်ရှိကြသော ရဟန်း၊ သာမဏေ ၁၀၁၅ ပါး၊ သီလရှင် ၃၈၂ ပါးတို့အတွက် ဆွမ်းဆန်တော်အိတ် ၂၄၁ အိတ်ကို ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း။
ဖေဖော်ဝါရီ ၈ ရက်မှစ၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ဘုရား စေတီပုထိုးများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့် အညီ ဖူးမြော်ခွင့်ရရှိအောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပရိယတ္တိ၊ ပဋိပတ္တိသာသနာတော် တိုးတက် ထွန်းကား စေရန်နှင့် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး တည်တံ့ဝေစည် နိုင်စေရန်အတွက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ယနေ့ ဆည်းပူးအားထုတ်ရသည့် ကုသိုလ်ကောင်းမှု များကြောင့် COVID-19 ကူးစက်ရောဂါ ကပ်ဘေးမှ ကင်းဝေးနိုင်ကြပါစေ၊ သံဃာတော် အရှင်သူမြတ်များလည်း သက်ရှည်ကျန်းမာစွာဖြင့် သာသနာ့တာဝန်ကို ထမ်းဆောင်တော်မူနိုင်ကြပါစေ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ကြီး သည်လည်း ကပ်ရောဂါအနှောင့်အယှက်များ ကင်းရှင်းပြီး အေးချမ်းသာယာနိုင်ကြပါစေကြောင်း လျှောက် ထားသည်။
ထို့နောက် လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ် ကြီးထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချလောင်း အမျှပေးဝေကြသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ နှင့် သီလရှင် ကျောင်းများအား ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းရာတွင် ဘုန်းတော် ကြီးကျောင်း ၉ ကျောင်းနှင့် သီလရှင် ကျောင်း ၄ ကျောင်းတို့၌ သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၅၀၂ ပါး၊ သီလရှင် ၅၁၇ ပါး၊ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၁၉ ပါးတို့အား ဆွမ်းဆန်တော် ၁၄၅ အိတ် လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)