နေပြည်တော် မတ် ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပမည့် ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခက်အခဲများစွာရှိ
ရှေးဦးစွာ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို က ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းအပ်နှင်းခြင်းခံရသည့် ရဟန်းတော် ၆၉၉ ပါး၊ သီလရှင် ၆၀ နှင့် လူပုဂ္ဂိုလ် ၁၄၅ ဦး စုစုပေါင်း ၉၀၄ ပါး/ဦး ရှိရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအရ နေပြည်တော်တွင် တစ်စုတစ်စည်းတည်း အခမ်းအနားဖြင့် ဆက်ကပ်ချီးမြှင့်မည်ဆိုပါက Social Distancing အရ နေရာချထားရန် အခက်အခဲများစွာရှိပါသဖြင့် သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့ တံဆိပ်တော်များဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၆ ပါးနှင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၄ ပါး စုစုပေါင်း ဆရာတော်ကြီး အပါး ၃၀ တို့ကိုသာ မတ် ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ကျန်ဘွဲ့တံဆိပ် တော်များ ရရှိတော်မူသည့် ရဟန်းတော် ၆၄၇ ပါး၊ သီလရှင် ၅၈ ပါးနှင့် သာသနာပြုဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် ၁၉ ဦး စုစုပေါင်း ၇၂၄ ပါး/ဦးတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်စီမံ အုပ်ချုပ် ရေးကောင်စီများ၏ အစီအစဉ်ဖြင့် မတ် ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာ စံလုပ်ငန်းလမ်းညွှန်ချက် (SOP)များနှင့်အညီ တစ်ချိန်တည်း၊ တစ်ပြိုင် တည်း သတ်မှတ်နေရာများတွင် ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်ပါကြောင်း။
ဆက်ကပ်လှူဒါန်း
နေပြည်တော်ကောင်စီ၏ ဦးဆောင်မှုဖြင့် ကျင်းပမည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုင်ငံတော်အဆင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားနှင့် တိုက်ဆိုင်နေပါသဖြင့် နိုင်ငံတော်အဆင့်အခမ်းအနား ကျင်းပ ပြီးနောက် မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ် အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ပင် ချီးမြှင့်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ပဘွဲ့ခံ ရဟန်းတော် ၂၂ ပါး၊ သီလရှင် ၂ ပါး၊ လူပုဂ္ဂိုလ် ၁ ဦး စုစုပေါင်း ၂၅ ပါး/ဦးတို့ကို ယခင်နှစ်နည်းတူ ပင့်ဖိတ်ခြင်းမပြုတော့ဘဲ သက်ဆိုင်ရာ သံရုံးများမှတစ်ဆင့် နိုင်ငံအလိုက် ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ချီးမြှင့်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သာသနာ နုဂ္ဂဟဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် ၁၂၅ ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်လာနိုင်သည့် အခြေအနေ သို့ ရောက်ရှိမှသာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ လမ်းညွှန်ချက်နှင့်အညီ ဘွဲ့တံဆိပ်များ ချီးမြှင့်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဦးဆောင် ကျင်းပမည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီကို ဖေဖော်ဝါရီ ၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက ဖွဲ့စည်းပေးခဲ့ပြီး ဦးစီးကော်မတီအနေဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ၁၁ ခုတို့ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်သည့်အတွက် လုပ်ငန်းတာဝန်များ လစ်ဟင်းမှု မရှိစေရေး ဆောင်ရွက်သွားကြရန်နှင့် အခမ်းအနားသို့ ကြွရောက်တော်မူလာကြမည့် ဆရာတော်ကြီးများအား ကျန်းမာရေးဆိုင်ရာ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရေးကိစ္စ၊ ကြိုဆိုပင့်ဆောင်ရေးနှင့် စိတ်ချမ်းမြေ့စွာ သီတင်းသုံး နေထိုင်နိုင်ရေး ကိစ္စ၊ သတင်းမှတ်တမ်း ထုတ်ပြန်ရေးကိစ္စ၊ မြန်မာ့တိုင်းရင်း ဆေးခန်းနှင့် အနောက်တိုင်း ဆေးခန်းများ ဖွင့်လှစ်ထားရှိရန်ကိစ္စ၊ Thermal Scanner များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ စီစဉ်ထားရှိရန်ကိစ္စ၊ လုံခြုံရေးဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရေး သက်ဆိုင်ရာ ဆပ်ကော်မတီ အသီးသီးအလိုက် အထူးဂရုပြု လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
ဆက်လက်၍ သံဃာတော်များပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ ဆွမ်း ဆက်ကပ်ရေးဆပ်ကော်မတီ၊ အခမ်းအနားကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီတို့၏ ဥက္ကဋ္ဌ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်းများ ပြင်ဆင်ရေးနှင့် ဆက်ကပ်ရေးဆပ်ကော်မတီတို့၏ ဥက္ကဋ္ဌ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ၊ သတင်းမှတ်တမ်း ထုတ်ပြန်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သာသနာရေးဆိုင်ရာအခင်းအကျင်း ပြင်ဆင်ရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများကလည်းကောင်း အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးအလိုက် တာဝန်ယူဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြကြသည်။
ပေါင်းစပ်ညှိနှိုင်း
တင်ပြဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာလုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီအသီးသီးတို့အနေဖြင့် ယခင်နှစ်များက အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အခမ်းအနားကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကုသိုလ်ယူ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန်နှင့် လိုအပ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း စီစဉ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)