Skip to main content

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် မန္တလေးခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံ

မန္တလေး မတ် ၁

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် မန္တလေးခရိုင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မန္တလေးခရိုင်၊ မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိသော ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ကို အကျယ်တဝင့်ရှင်းလင်း ပြော ကြားခဲ့ပြီး တက်ရောက်လာသူများအနေဖြင့်လည်း မိမိခရိုင်၊ မြို့နယ်များတွင် ပြန်လည် ရှင်းပြစေလိုကြောင်း မိမိတို့တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း လုပ်ငန်းတာဝန်များ ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ မြို့နယ်မှခရိုင်၊ ခရိုင်မှ တိုင်းဒေသကြီးစသည်ဖြင့် အဆင့်ဆင့် တိုးတက်အောင်လုပ်မှ နိုင်ငံတော်တိုးတက်မည်ဖြစ်ကြောင်း၊ ကျေးရွာမှမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဆင့် အေးချမ်းသာယာမှ နိုင်ငံအေးချမ်းသာယာမည်ဖြစ်၍ အေးချမ်းသာယာရေးအတွက် အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့တာဝန်ယူ လုပ်ကိုင်နေရသည်မှာ  ပြည်သူ့အတွက်ဖြစ်ကြောင်း၊ မိမိတာဝန်ယူစဉ် ကာလအတွင်း မိမိစွမ်းအားနှင့် မိမိတို့ပြည်သူအကျိုးအတွက် ဆောင်ရွက်ရာတွင် ကောင်းသည်ထက်ကောင်း အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုဖွဲ့စည်းထားသည့် ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများဖြင့် ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ ပါဝင်သည့်ဌာနဆိုင်ရာများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအတိုင်း တာဝန်ထမ်းဆောင် စေလိုကြောင်း၊ မြို့မိမြို့ဖအဖွဲ့ဝင်များ အနေဖြင့်လည်း မိမိရပ်ရွာ မိမိမြို့အတွက် စေတနာထား ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဘာသာသာသနာအတွက် အလေးထားဆောင်ရွက်ရန်လိုပြီး ဆရာဒကာ လက်တွဲလုပ်ဆောင်ခြင်း၊ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်း၊ ဆွမ်းကွမ်းအခက်အခဲမရှိရန် ဆောင်ရွက်ခြင်းများ ပြုလုပ်ရန်လိုကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် (၁)ဗိုလ်မှူးကြီး ကျော်ကျော်မင်းက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး တက်ရောက်လာသော မန္တလေးခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များအား ပြန်လည်တင်ပြကြသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကို က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ် စကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)