နေပြည်တော် ဖေဖော်ဝါရီ ၂၇
လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အပြည့်အဝကူးပြောင်းရေး၊ လယ်ယာသုံး စက်ကိရိယာများ ရင်းနှီးမြှုပ်နှံမှုနှင့် ထိုက်တန်သည့် အကျိုးစီးပွားရရှိစေရန် ဆိုင်ရာစက် ကိရိယာ၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ရေး၊ တစ်ဧကထုတ်လုပ်မှု နှင့် လယ်ယာ လုပ်သားတစ်ဦးချင်း၏ ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ပေးနိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာ သုတေသနလုပ်ငန်းများ နှင့် နည်းပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ စက်မောင်း စက်ပြင်လုပ်ငန်း အပိုပစ္စည်း ရောင်းဝယ်ခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ပေး ရေးအပါအဝင် စက်မှုလယ်ယာလုပ်ငန်းကို အခြေခံသည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေးစသည့် စက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာ ကူးပြောင်းရေး လုပ်ငန်းများကို သက်ဆိုင်ရာလုပ်ငန်းဌာနအားလုံး ပေါင်းစည်းဆောင်ရွက်ရေးကို စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဝန်ကြီးဌာန အောက်ရှိ သက်ဆိုင်ရာ ဦးစီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စု နယ်မြေ နေပြည်တော် ရေဆင်းရှိ စက်မှုလယ်ယာသင်တန်းကျောင်းသို့ ရောက်ရှိကြပြီး စက်မှု လယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသော အသုံးချစက်မှုလယ်ယာသုတေသနလုပ်ငန်းနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြပြီး လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။
မြန်မာနိုင်ငံတွင် လယ်ယာသုံးစက်ကိရိယာ ဝန်ဆောင်မှုလုပ်ငန်းများ လျင်မြန်စွာ တိုးတက် လျက်ရှိပြီး လက်ရှိ စက်မှုလယ်ယာဝန်ဆောင်မှုအသင်း ၁၃၅ သင်းကို ခိုင်မာသော စီးပွားရေး လုပ်ငန်းများအဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေးနှင့် သမဝါယအသင်းများအဖြစ် ဖွဲ့စည်း ဆောင်ရွက်နိုင်ရေး တို့အတွက် အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ အားကောင်းသော လယ်ယာလုပ်ငန်း အခြေပြု စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်လာစေရန် စီမံအုပ်ချုပ် ရေးဆိုင်ရာ၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာများကိုလည်း သက်ဆိုင်ရာဌာနများက ပူးပေါင်းကူညီ ပံ့ပိုးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
သာမန်ထွန်ယက်ခြင်းမှ မြေဆီလွှာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များပါ ထည့်သွင်း၍ စနစ်တကျဆောင်ရွက်နိုင်ရေး၊ သီးနှံအရည်အသွေးနှင့် ထုတ်လုပ်မှု စွမ်းအား မြှင့်တင်နိုင်ရေးအပြင် အသားထုတ်လုပ်မှု၏ အဓိကအရင်းအမြစ် ဖြစ်သော မွေးမြူရေးတိရစ္ဆာန် အစားအစာများ စိုက်ပျိုးထုတ်လုပ်ရေးအတွက် သီးထပ်စိုက်ပျိုးနိုင်ရေး၊ ထွန်ယက် စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းစဉ်များတွင် စက်စွမ်းအား အပြည့်အဝ အသုံးပြုနိုင်ရေး၊ သွင်းအားစု ပိုးသတ်ဆေးများ အသုံးပြုရာတွင် စက်များအသုံးချ၍ တောင်သူများ ထိရောက်စွာနှင့် စီးပွားရေးတွက်ခြေကိုက်ပြီး ဘေးကင်းလုံခြုံစွာ ဆောင်ရွက် နိုင်ကြစေရန် စက်ကိရိယာအသုံးပြုမှု လက်တွေ့သရုပ်ပြပညာပေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ပေးမည်ဖြစ်သည်။
အလားတူ စိုက်ပျိုးရေးသိပ္ပံအပါအဝင် နည်းပညာသိပ္ပံကျောင်းဆင်း မောင်မယ်များကို လုပ်ငန်းခွင် တိုက်ရိုက်ဝင်ရောက်ခွင့် အာမခံချက်ပေးနိုင်သည့် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှု လက်မှတ်ရသင်တန်းများ တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေးကိုလည်း စီမံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)