ကိုဗစ် − ၁၉ ကာကွယ်ရေး မပြီးဆုံးသေး
ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး ဦးစားပေး မဆောင်ရွက်နေသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ လျော့နည်းကျဆင်းသွားသည်ဆိုသော်လည်း ရောဂါပိုးတွေ့လူနာများ ထပ်မံ မတွေ့ရှိနေဆဲ၊ ဗီဇမျိုးကွဲသစ်များ ထပ်မံတွေ့ရှိနေဆဲဖြစ်၍ ကိုဗစ်-၁၉ ရောဂါ -ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပစ်ပယ်ထား၍ ရနိုင်မည်မဟုတ်ပေ။ ရပ်တန့် ထား၍ ရနိုင်မည်မဟုတ်ပေ။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာပေါ်ရှိ လူဦးရေ ၁၁၃ သန်းကျော် ကူးစက်ခံရပြီး လူဦးရေ နှစ်သန်းခွဲကျော် သေဆုံးခဲ့ရသည်။ ရောဂါပြန်လည် ကင်းစင်ကျန်းမာလာသူ လူဦးရေ ၈၉ သန်းခန့် ရှိသည်။ မြန်မာနိုင်ငံတွင် လူဦးရေ တစ်သိန်းခွဲခန့် ရောဂါကူးစက်ခံရပြီး လူဦးရေ သုံးထောင်ကျော် ရောဂါကြောင့် သေဆုံးခဲ့ရသည်။ ကိုဗစ်ဒုတိယလှိုင်းဖြစ်ပွားပြီးနောက် လက်ရှိအချိန်တွင် ရောဂါပိုးတွေ့ လူနာသစ် ဆယ်ဂဏန်းမျှ နေ့စဉ်တွေ့နေဆဲဖြစ်သည်။ ထို့ကြောင့် ရောဂါကူးစက်မှု မပြီးပြတ်သေးဟု ကောက်ချက်ချနိုင်သည်။
လတ်တလောတွင် ရောဂါဖြစ်ပွားမှုကျဆင်းသည်ဆိုသော်လည်း ကျန်းမာရေး ဝန်ထမ်းအချို့ ဆေးရုံများ ကို စွန့်ခွာသွားသောကြောင့် ကျန်းမာရေးဝန်ဆောင်မှု မပေးနိုင်သဖြင့် ရောဂါရှာဖွေစစ်ဆေးရေး လုပ်ငန်း များဘက်တွင် အားနည်းသွားခဲ့သည်။ ရောဂါစစ်ဆေးရေး လျော့နည်းသဖြင့် ပိုးတွေ့ရှိမှုနှုန်း လျော့နည်း သွားခြင်း ဖြစ်နိုင်သည်။ ယခုရက်များတွင် မြို့ကြီးများ၌လူစုလူဝေးလှုပ်ရှားမှုများ လုပ်ကိုင်လာသော ကြောင့် ကိုဗစ်-၁၉ ရောဂါပိုးသည် လူများကြားတွင် ပြန့်ပွားနေခြင်း ရှိ၊ မရှိ တပ်အပ်မပြောနိုင်ချေ။
မည်သို့ပင်ဖြစ်စေ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကျန်းမာရေး စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာကြခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။ ယခုအခါတွင် ကိုဗစ် ကာကွယ်ရေး ကာကွယ်ဆေးထိုးနှံခြင်းကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးနေပြီဖြစ်သည်။ တစ်ဖက်တွင် ကာကွယ်ဆေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပြီး နိုင်ငံတော်က ဝယ်ယူထားသောစာချုပ်အရ ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာမည် ဖြစ်သည်။
ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော် အစိုးရက ပုဂ္ဂလိကဆေးဝါးကုမ္ပဏီများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တင်သွင်း နိုင်ရန် စနစ်တကျ ခွင့်ပြုပေးထားသည်။ ကာကွယ်ဆေးများရရှိပါက ပုဂ္ဂလိကဆေးရုံများတွင် ထိုးနှံ နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်နေသည်။ လက်ရှိအချိန်အခါတွင် ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးရေး သည် အရေးအကြီးဆုံးဖြစ်သည်။ ပြည်သူများ ကူးစက်ရောဂါကင်းဝေးမှသာ ကျန်းမာရွှင်လန်းစွာဖြင့် မိမိတို့ဆောင်ရွက်လိုသည်များကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ယခုအခါတွင် အခြေခံပြည်သူများအနေဖြင့် နေ့စဉ်ဘဝရပ်တည်ရှင်သန်နိုင် ရေးအတွက် ဝင်ငွေရမည့် အလုပ်အကိုင်များတွင် စိတ်ချမ်းသာစွာလုပ်ကိုင်နိုင်ရေးကို အထူးလိုအပ်လျက်ရှိသည်။ ရောဂါ ကူးစက်ခြင်းများ ဖြစ်ပွားနေမှု၊ မြို့ရွာများ မတည်မငြိမ်ဖြစ်မှုတို့ ဆက်လက်ဖြစ်ပေါ်နေလျှင် ပြည်သူများ အလုပ်ပျက် အကိုင်ပျက်နှင့် စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နိုင်သည်။ ပြည်သူများကြား တွင် အဆင်မပြေမှုများ ဆက်တိုက်ဖြစ်ပွားနေလျှင် မဖြစ်သင့် မဖြစ်ထိုက်သော အဖြစ်ဆိုးများနှင့် ကြုံတွေ့နိုင်သဖြင့် ဥပဒေ၊ စည်းကမ်းများကို လေးစားလိုက်နာရန် အထူးလိုအပ်သည်။ ကျန်းမာရေး ဆိုင်ရာစည်းကမ်းများ၊ မြို့ရွာ စည်းကမ်းများကို လိုက်နာကြခြင်းဖြင့် လူမှုစီးပွားအဆင်ပြေရေး၊ အေးချမ်းသာယာ စွာနေထိုင်နိုင်ရေးကို ဖန်တီးကြရမည် ဖြစ်သည်။ “ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီများအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေသည်ကိုတွေ့ရသည်။ ဈေးများ၊ ဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ စေတီဘုရားကျောင်းကန်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး ကို စီမံဆောင်ရွက်ပေးနေသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများသည် ပြည်သူ ပြည်သားများ၏ အကျိုး စီးပွားအတွက်သာ ဖြစ်သည်။ ဆောင်ရွက်ပေးနေမှုများကို နှောင့်ယှက်ဟန့်တားကြပါက ပြည်သူ ပြည်သားများသာ ဒုက္ခအခက်အခဲ ရောက်နိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူလူထု လူမှုစီးပွား အကျိုးစီးပွား ပြန်လည်ကောင်းမွန်ရေးအတွက် ရပ်ရွာ တည်ငြိမ်အေးချမ်းမှုရှိရမည်ဖြစ်သလို မိမိတို့ လုပ်ငန်းကိုင်ငန်းများကို ချောမွေ့စွာလုပ်ကိုင်နိုင်ရေး အတွက် ကျန်းမာရေးသည် အဓိကအရေးကြီးသဖြင့် လုံးဝကင်းစင်ခြင်းမရှိသေးသော ကိုဗစ်-၁၉ ရောဂါ ကင်းဝေးရေးကို ထုတ်ပြန်ထားသော စည်းမျဉ်းများအား လိုက်နာပြီး လက်တွဲပူးပေါင်း ဆောင်ရွက်ကြ ရမည် ဖြစ်ပါကြောင်း။ ။