နေပြည်တော် ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၃၀)(၆၈/၇၀) လမ်းကြားတွင် လူစုလူဝေး ၄၀၀ ကျော်ခန့်သည်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ချမ်းအေးသာစံမြို့နယ်၊ (၃၅/၈၅) လမ်းကြား မြတောင် ကျောင်းအရှေ့တွင် လူစုလူဝေး ၂၅၀ ခန့်သည်လည်းကောင်း၊ (၆၂/၁၀၄) (A) လမ်းထောင့်တွင် အင်အား ၁၀၀ သည်လည်းကောင်း အများပြည်သူသွားလာအသုံးပြုနေကြသည့် လမ်းမများပေါ်တွင် လမ်းပိတ်ဆို့ မှုများ ပြုလုပ်ကာ ကြွေးကြော်သံအမျိုးမျိုး အော်ဟစ်ဆူပူလျက်ရှိကြောင်း သိရသည်။
ထိုသို့ သတင်းရရှိမှုအပေါ်မူတည်ကာ အုပ်ချုပ်မှုဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ သတ်မှတ်ညွှန်ကြားချက်များကို ချပြရှင်းလင်းပြီး လူစုခွဲရန် အကြိမ်ကြိမ်သတိပေးခဲ့သည်။
သို့ရာတွင် တာဝန်ရှိသူများ၏ တားမြစ်မှုများကို လိုက်နာမှုမရှိဘဲ ဆက်လက်ဆူပူအော်ဟစ် ဆန္ဒပြ နေကြသဖြင့် လူစုလူဝေးထိန်းသိမ်းမှု နည်းလမ်းများအတိုင်း အသံမြည်ဗုံးနှင့် (.၁၂) ဗို့ပြောင်းချော သေနတ်တို့ဖြင့် ခြောက်လှန့်ပစ်ခတ်ခြင်းများဆောင်ရွက်၍ လူစုခွဲခဲ့ရပါသည်။
ဖော်ပြပါဖြစ်စဉ်များတွင် လူစုလူဝေးပြုလုပ်ကာ ဆူပူဆန္ဒပြသူ အမျိုးသား (၂၇) ဦး၊ အမျိုးသမီး (၁၂)ဦး၊ စုစုပေါင်း (၃၉) ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး ဥပဒေအရအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)