Skip to main content

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌ လူစုလူဝေးပြုလုပ်သည့် သူများအား ဉပဒေနှင့်အညီ ထိန်းသိမ်း

နေပြည်တော် ဖေဖော်ဝါရီ ၂၆ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌ လူစုလူဝေးပြုလုပ်သည့် သူများ အား ဉပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါထုတ်ပြန်ချက်တွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ကုန်းကျော်တံတားအောက်တွင် လူစုလူဝေး အင်အား ၃၀၀၀ ကျော်ခန့်နှင့် ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံတွင် လူစုလူဝေးအင်အား ၃၀၀၀ ကျော်ခန့်တို့သည် ယနေ့နံနက် ၈ နာရီတွင် ဆူပူဆန္ဒပြနေကြကြောင်း သတင်းရရှိသဖြင့် အုပ်ချုပ်မှု ဆိုင်ရာ တာဝန်ရှိသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်ကာ အမိန့်ညွှန်ကြားချက်များနှင့်အညီ လူစုခွဲရန် အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ကြွေးကြော်သံအမျိုးမျိုး အော်ဟစ်ကာ ဆက်လက်ဆူပူဆန္ဒပြခဲ့ကြကြောင်း။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆူပူဆန္ဒပြသူအင်အားစုများအား ဥပဒေနှင့်အညီ (ဒိုင်း)များ အသုံးပြု၍ တွန်းထုတ်ခြင်းဖြင့် လူစုခွဲရန် ကြိုးစားခဲ့သော်လည်း လူစုမခွဲဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုရန် ကြိုးစားလာသဖြင့် အသံမြည်ဗုံးဖြင့် ခြောက်လှန့်ပစ်ခတ်၍ လူစုခွဲရန် ကြိုးစားခဲ့ရကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံး ဖြစ်စေရေးဦးစားပေး ဆောင်ရွက်ခဲ့ပြီး ယာဉ်အချို့အား လမ်းများပေါ် တွင် ကန့်လန့်ဖြတ်ပိတ်ဆို့ထားခြင်းများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့ရကြောင်း။ အဆိုပါဖြစ်စဉ်များတွင် ကန့်လန့်ဖြတ်ပိတ်ဆို့ထားသည့် ယာဉ် (၇)စီး၊ ဆိုင်ကယ် (၃)စီး၊ စက်ဘီး (၂) စီးနှင့် လူစုလူဝေးပြုလုပ်ကာ ဆူပူဆန္ဒပြသူ အမျိုးသား (၃၀) ဦး၊ အမျိုးသမီး (၁)ဦး၊ စုစုပေါင်း (၃၁)ဦး တို့ကို ဖမ်းဆီးထိန်းသိမ်းထားရှိပြီး တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။ (သတင်းစဉ်)