Skip to main content

တိုင်းပြည်စီးပွားတက်မှ ပြည်သူအဆင်ပြေ

မြန်မာနိုင်ငံတွင် ယမန်နှစ် ၂၀၂၀ ပြည့်နှစ်ကာလအတွင်း မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် နိုင်ငံ့စီးပွားရေး ယိုင်နဲ့လာခဲ့ရာ နိုင်ငံ့စီးပွားရေးကို အမြန်ဆုံးပြန်လည် တည့်မတ် လာနိုင်ရေး၊ ဦးမော့လာနိုင်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အဓိကမောင်းနှင်အားသည် စီးပွားရေးဖြစ်၍ စီးပွားရေး ကောင်းမွန်ပါမှ အဘက်ဘက်တွင် အဆင်ပြေအောင်ဆောင်ရွက်နိုင်ပြီး ပြည်သူများ ၏လူမှုစီးပွားဘဝမြင့်မားတိုးတက်အောင် ဆောင်ရွက် နိုင်မည် ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) တွင် စီးပွားရေး ကောင်းမွန်ရေး အတွက် ဆောင်ရွက်ရမည့်ကဏ္ဍများနှင့် အခြေခံ စဉ်းစားရမည့်အချက်များကို မှာကြားခဲ့သည်။ “မြန်မာနိုင်ငံတွင် လူဦးရေ ၅၄သန်းကျော်ရှိသည်။ မြေ၊ လူသားအရင်းအမြစ်နှင့် သယံဇာတများစွာရှိသည့်အတွက် အလုပ်လုပ် နိုင်သည့် အခြေခံကောင်းများစွာ ရှိသည်။ သယံဇာတသည် ကုန်ခန်းသွားနိုင်သည့်အရာဖြစ်သည့်အပြင် လွယ်လွယ် ကူကူ ထုတ်ယူရောင်းချရန်မဖြစ်နိုင်သဖြင့် သယံဇာတထုတ်လုပ်မှုကို လျှော့ချကာ တိုင်းပြည်အနာဂတ်အတွက် ထိန်းသိမ်းသိုလှောင်ပြီး အရေးပေါ်အရန်ထားခြင်းဖြင့် နိုင်ငံ၏အနာဂတ်စီးပွားရေး ခိုင်မာအားကောင်းအောင် ဆောင်ရွက် ထားနိုင်သည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆက်တွဲအရေးနှင့် နိုင်ငံရေး အပြောင်းအလဲကြောင့် ကုန်သွယ်မှု လိုငွေပြမှု၊ ပြည်ထောင်စု၏စုစုပေါင်းလိုငွေပြမှု များရှိနေသည်။ ထို့ကြောင့် စီးပွားရေးအမြန်ဦးမော့လာရေးအတွက် သွင်းကုန် အစားထိုး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာအောင် ကြိုးစား အားထုတ် ရမည်ဖြစ် သည်။ မြန်မာပြည်တွင် စားနပ်ရိက္ခာများပေါများသဖြင့် ပြည်ပမှ စားသောက်ကုန်တင်သွင်းမှုကို လျှော့ချရ မည်ဖြစ်ပြီး ပြည်တွင်းထုတ်ကုန်များ တွင်ကျယ်လာအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ကောင်းမွန်ချောမွေ့စွာလည်ပတ်နိုင်ရေး အတွက် လျှပ်စစ်စွမ်းအား တိုးမြှင့် ထုတ်လုပ် နိုင်ရေးကို ကြိုးစားကြရမည်ဖြစ်သည်။ သို့မှသာ လူမှုစီးပွားဘဝမြင့်မားတိုးတက်လာကာ ပြည်သူများ အလုပ် အကိုင်အခွင့် အလမ်းများ ပုံမှန်ပြန်လည် လည်ပတ်လာမည်ဖြစ်သည်။ ယခုအခါတွင် အလုပ် လက်မဲ့ဖြစ် နေသူများ ပိုမိုများပြားလာသဖြင့် ကျွမ်းကျင်မှုဆိုင်ရာ ကဏ္ဍအလိုက် အလုပ်အကိုင်များ ပွင့်လန်းလာအောင် ဖန်တီးပေးရမည်ဖြစ်သည်။ အလုပ်သမားနှင့် အလုပ်ရှင် နှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းရေးကို ရှေးရှုပြီး ရင်းနှီး မြှုပ်နှံမှု၊ အာမခံ ချက်ရှိမှု၊ ဆွဲဆောင်မှုပေးမှု၊ ယုံကြည်မှုရှိမှုတို့ကို ဖော်ဆောင်ပေးရမည်ဖြစ်သည်။ နိုင်ငံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရေးအတွက် အားပေးကူညီရမည်ဖြစ်ပြီး လက်ရှိ တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်း လာသောကြောင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်လာကြပြီ ဖြစ်သည်။ တစ်ဖက်တွင် ကိုဗစ်-၁၉ကျန်းမာရေးစည်းကမ်းများနှင့်အညီ ခရီးသွားလာ ခွင့်များ လည်းရှိလာပြီး ဘုရားဖူးနှင့်အလည်အပတ်ခရီးစဉ်များကိုလည်း စနစ်တကျ စတင်နေသည်ကို တွေ့ရသည်။ ယင်း အခြေအနေကောင်းများ၊ အခွင့်အလမ်း ကောင်းများကို အမိအရ ရယူအသုံးချနိုင်ရမည်ဖြစ်သည်။ နိုင်ငံတော်၏စီးပွားရေးပြန်လည်ဦးမော့ပြီး ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းနိုင်ရေး အတွက် ပြည်တွင်း၊ ပြည်ပ ပို့ကုန် တိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ကြရ မည်ဖြစ်ပြီး ပြည်တွင်းလုပ်ငန်းများ ပုံမှန်လည်ပတ်လုပ်ကိုင်နိုင်ရေး တို့သည် နိုင်ငံတော်နှင့် ပြည်သူပြည်သားများ၏ လူမှုစီးပွားတိုးလာရန်အတွက်ဖြစ်သည်။ ထို့ကြောင့် စီးပွားရေး ပြန်လည် ဦးမော့လာရန် အခြေခံလိုအပ်ချက်များဖြစ်သည့် လျှပ်စစ်မီးလုံလောက်စွာရရှိရေး၊ လမ်းပန်းဆက်သွယ်သွားလာမှု လွယ်ကူချောမွေ့ အဆင်ပြေရေး၊ ငွေကြေးစီးဆင်းမှုကောင်းမွန်စေရေးတို့အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ယခုအခါ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသော မတည်ငြိမ် မှုများ၊ ဟန့်တား နှောင့်ယှက် မှုများသည် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေသည်သာမက ပြည်သူလူထုတစ်ရပ်လုံး၏ စားဝတ်နေရေး၊ ဘဝရပ် တည်ရှင် သန်ရေး ထိခိုက် နစ်နာစေသည်ကို သတိချပ်ရမည်ဖြစ်သည်။ ပြည်သူလူထု စီးပွားရေးအဆင်ပြေမှ အစစ အရာရာကို မိမိတို့စိတ်ဆန္ဒရှိသမျှ ဆောင်ရွက်နိုင်မည်ဖြစ်၍ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားရေး ပြန်လည်ကောင်းမွန်လာရေး ကိစ္စ အမျိုးမျိုးတွင် အသိတရားဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သင့်ကြပါသည်။ “သို့ဖြစ်ရာ တိုင်းပြည်စီးပွားရေး ခိုင်မာအားကောင်းပါမှ ပြည်သူများ၏ လူမှုစီးပွားရေးဘဝများ မြင့်မား တိုးတက် အောင် ဆောင်ရွက်နိုင်မည်ဖြစ်ရာ ကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ အခက်အခဲများကို ကျော်လွှား၍ နိုင်ငံနှင့် ပြည်သူ အားလုံးတို့အတွက် လိုအပ်နေသော စီးပွားရေးလုပ်ငန်းများ ပြန်လည်တိုးတက် ကောင်းမွန် လာအောင် ဝိုင်းဝန်း လက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းအပ် ပါကြောင်း။ ။