နေပြည်တော် ဖေဖော်ဝါရီ ၂၄
မြန်မာစီးပွားရေးသံမှူးများ၏ နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်နိုင်မှုနှင့် အမယ်သစ်ပို့ကုန်များ တိုးချဲ့တင်ပို့နိုင်ရေးဆွေးနွေးပွဲ (ဒုတိယနေ့)ကို ယနေ့မွန်းလွဲ ၁ နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေး ဒုတိယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပေကျင်း၊ နန်နင်း၊ ဟောင်ကောင်၊ ကူမင်း)၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယားနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ စီးပွားရေး သံမှူးများ/ ကမ္ဘာကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ သံမှူးများက ၎င်းတို့ တာဝန်ထမ်း ဆောင်နေ သည့် နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက် နိုင်မှု နှင့် အမယ်သစ်ပို့ကုန်များ တိုးချဲ့တင်ပို့နိုင်ရေးဆောင်ရွက်မည့် အခြေအနေများကို တင်ပြ ကြသည်။
စီးပွားရေးသံမှူးများ၏ တင်ပြဆွေးနွေးမှုများအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းက စီးပွားရေးသံမှူးများ၏ တင်ပြချက်များပါ အခက်အခဲများ၊ အတွေ့ အကြုံများကို အပြန်အလှန် မျှဝေခြင်းဖြင့် အဆိုပါကိစ္စရပ်မျိုးကို မိမိတို့ကြုံတွေ့လာပါက ကောင်းမွန်စွာ ဖြေရှင်း နိုင်မည့် အခွင့်အရေး ကောင်း အဖြစ် မှတ်ယူ၍ ဆောင်ရွက်သွားစေလိုကြောင်း၊ စီးပွားရေးသံမှူးများ အနေဖြင့် ကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် လုပ်ငန်းလိုအပ်ချက်အရ ကုန် သွယ်မှုစေ့စပ် ညှိနှိုင်းရေး ကိုပါ အောင်မြင်စွာ ဆောင်ရွက်နေသည်ကို မြင်တွေ့ရသည့် အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုဆိုင်ရာ အချက်အလက် များနှင့် စပ်လျဉ်း၍ မိခင်နိုင်ငံမှ အချက်အလက်များနှင့် မိမိတို့ တာဝန် ထမ်းဆောင်နေသည့် နိုင်ငံမှ ကုန်သွယ်မှု အချက်အလက်များကို ရယူ၍ နှိုင်းယှဉ်သုံးသပ်တင်ပြသွားရန် လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးက လက်ရှိအခြေအနေအရ မိမိတို့နိုင်ငံ၏ အဓိကပို့ကုန်များမှာ စိုက်ပျိုးရေး ထွက်ကုန်များဖြစ်သဖြင့် Sanitary and Phytosanitary (SPS) ကဲ့သို့သော ပို့ကုန်ဆိုင်ရာ စံနှုန်း လိုအပ်ချက်များကို ပြည့်မီအောင် ကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ပြီး သက်ဆိုင်ရာဌာနများ ဘက်ကလည်း လိုအပ်ချက်များကို အချိန်နှင့် တပြေးညီ ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ အချိန်တိုအတွင်း လျှင်မြန် စွာပြီးစီးစေရန်အတွက် Physical Inspection မှလွဲ၍ ကျန်လုပ်ငန်းများအား online စနစ် ဖြင့်ဆောင်ရွက်နိုင်ရန် စတင်နေပြီဖြစ်ပါကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်တင်ပို့ နိုင်ရေးအတွက် Processing Industry များ၊ အအေးခန်း သိုလှောင် ရုံများစသည့် ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအောင်နိုင်ဦး က မိမိတို့နိုင်ငံသည် ကုန်သွယ်ဖက်နိုင်ငံများနှင့် နှစ်နိုင်ငံ ကုန်သွယ် ရေးသဘောတူညီချက် (Bilateral Trade Agreement) ချုပ်ဆိုထားခြင်း မရှိသေး သည့် အတွက် လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားသင့် ကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ (Trade Volume)၊ ကုန်သွယ်မှု အလားအလာ (Trade Potential) အပါအဝင် Cost Benefit Analysis တို့ကို ကြိုတင်လေ့လာထား စေလိုပါကြောင်း၊ Regional Comprehensive Economic Partnership (RCEP) နှင့် Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) အဖွဲ့ဝင်နိုင်ငံများတွင် တာဝန်ထမ်းဆောင်နေသော သံမှူးများအနေဖြင့် အဆိုပါ အစီအစဉ်များ အပေါ် ၎င်းအဖွဲ့ဝင်နိုင်ငံများ၏ ဆောင်ရွက်နေမှုအခြေအနေများကို စဉ်ဆက် မပြတ်လေ့ လာပြီး အစီရင်ခံစာများ တင်ပြသွားစေလိုကြောင်း၊ စီးပွားရေးဆိုင်ရာ ကွန်ယက် ချိတ်ဆက်ဆောင်ရွက် နိုင်မှု (Networking) သည် ကုန်သွယ်မှုမြှင့်တင်နိုင်ရန် အရေးကြီး သဖြင့် မိမိတို့တာဝန်ထမ်း ဆောင်နေသည့်နိုင်ငံများမှ အစိုးရအဖွဲ့အစည်းများနှင့် လုပ်ငန်း ရှင်များနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြား သည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
(သတင်းစဉ်)