Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှု အခြေ အနေများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၂၄ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေသည် ဒုတိယ ဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာ ဇော်မြင့်၊ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဉတ္တရသီရိမြို့နယ် အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း နှင့် ပုဗ္ဗသီရိမြို့နယ် ရေပြာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ အခြေခံပညာ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ က သက်ဆိုင်ရာ ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံရာတွင် မိမိတို့ ကျန်းမာရေးအတွက် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ် ရေးနည်း လမ်းများကို အထူး ဂရုပြု လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ရေးစည်း မျဉ်းစည်းကမ်းများနှင့်အညီ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက် ကျောင်း ဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသားများ စာသင်ယူလိုစိတ်ကို ပံ့ပိုးပေးနိုင်ရန် ကျောင်းပရဝဏ် သာယာ လှပရေး၊ စာသင်ဆောင်၊ စာသင်ခန်းများ၊ မျက်နှာကျက်များ၊ စာသင်ခုံများ ပြင်ဆင်မွမ်းမံရေး၊ ဆရာကျောင်း သားအချိုးအရ လိုအပ်သောသန့်စင်ခန်းများ ဖြည့်ဆည်းပေးရေး၊ ဆရာ ဆရာမဝန်ထမ်း အိမ်ရာများ ဖြည့်ဆည်း ပေးရေးအတွက် မှာကြားသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများသည် နိုင်ငံ့ဝန်ထမ်းများဖြစ် သဖြင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင် ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေ ဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာ စောင့်ထိန်းကာ ပညာရေးတိုးတက် ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၏ သင်ကြားရေး အရည်အသွေးမြင့်မားရေးအတွက် အရည်အသွေးမြှင့်တင်ရေးသင်တန်း များဖွင့်လှစ်ပေးရေးကိုလည်း စီစဉ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ အခြေခံပညာ ကျောင်းများဖွင့်လှစ် နိုင်ရေးအတွက် သင်ကြားရေးနှင့် စီမံခန့်ခွဲရေး ပြင်ဆင်ဆောင် ရွက်မှုများကို သတ်မှတ်ကာလအတွင်း ထိရောက်မြန်ဆန်စွာ ပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကျောင်းအတွင်း ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ် ဆေးကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် စီစဉ်မှာကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)