နေပြည်တော် ဖေဖော်ဝါရီ ၂၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန တိုင်းဒေသကြီးနှင့်ပြည်နယ် တာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေး ခန်း မ၌ Virtual Meeting ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ယခုအခါ နိုင်ငံတော်အနေဖြင့် သယံဇာတများ ရေရှည် တည်တံ့ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းကဲ့သို့ သော လုပ်ငန်းများကို အမျိုးသားရေး တာဝန် တစ်ရပ် အနေဖြင့် အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း လုပ်ငန်း များကို စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ သစ်ထုတ်လုပ်ခြင်း အပိုင်း၌ တရားဝင် သစ်ထုတ်လုပ်ခြင်း ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်နှင့် တရားမဝင် သစ်ထုတ် လုပ်ခြင်းလုပ်ငန်းများကိုလည်း ကာကွယ်တားဆီးနိုင်ရေး ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း။
မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း (Myanmar Reforestation and Rehabilitation Programme – MRRP) ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ (၁၀)နှစ် စီမံကိန်း ရေးဆွဲ ဆောင်ရွက် လျက်ရှိရာ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွက် သစ်တောဦးစီးဌာနမှ စိုက်ခင်း ဧက၂၁၅၄၀ ၊ အပူပိုင်း ဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ဧက ၄၀၅၀ ၊ မြန်မာ့သစ်လုပ်ငန်းမှ ဧက ၁၅၀ စုစုပေါင်း ဧက ၂၅၇၄၀ ကို သစ်တောစိုက်ခင်းများ တည်ထောင်ရန် မြေနေရာရွေးချယ်ခြင်း ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့ ပြီး စိုက်ခင်း တည်ထောင်ရန် လိုအပ်သော ပျိုးပင် ၂၆ ဒသမ ၃၉ သန်း လျာထားရာတွင် ၈၄ ရာခိုင်နှုန်း ပျိုးထောင်ပြီး ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာနှင့် လူထုဖြန့်ပျိုးပင် ၁၀ ဒသမ ၇ သန်း လျာထားရာတွင် ၈၉ ရာခိုင်နှုန်း ပျိုးထောင်ပြီးစီး ပြီဖြစ်ပါကြောင်း။
ထို့ကြောင့် ယခု ၂၀၂၁ ခုနှစ် မိုးရာသီအတွက် သစ်တောစိုက်ခင်းများ တည်ထောင် ခြင်းလုပ်ငန်းစဉ်အတွက် အသင့်ဖြစ်နေ သည့်အခြေအနေ တွေ့ရှိရပါကြောင်း၊ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်းနှင့် လူထုဖြန့် ပျိုးပင်များ ပြုစုပျိုးထောင်ဖြန့်ဝေခြင်း လုပ်ငန်းများ ကိုလည်း လျာထားချက်များအတိုင်း ပြည့်မီအောင် ဆောင်ရွက် သွားရန်နှင့်ကျန်ရှိသည့် လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် သွားရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် ဆောင်ရွက်မည့် သစ်ပင်စိုက်ပျိုးခြင်းကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှု (Green Environment Campaign )ဖြင့် အင်အားအပြည့် စိုက်ပျိုးဆောင်ရွက် သွားရန်လိုကြောင်း၊ တိုင်းဒေ သကြီး/ပြည်နယ် ခရိုင်၊မြို့နယ်အလိုက် သစ်တောပြုန်းတီးမှုဖြစ် စေခဲ့သည့် အကြောင်းရင်းများကို ဖော်ထုတ်ပြီး ကာကွယ်တားဆီးနိုင်မည့်နည်းလမ်းများ ဖော်ထုတ်ဆောင်ရွက်သွား ရန်လိုကြောင်း၊ သစ်တော သယံဇာတ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းစောင့်ရှောက်ခြင်းကို စုပေါင်းဦးဆောင်မှုဖြင့် မိသားစုစိတ်ဓါတ် Team Work အား ကောင်းကောင်းဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း။
သစ်တောထိန်းသိမ်းကာကွယ်ရာတွင် အလေးထားဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခု မှာ တရားမဝင် သစ်ခိုး ယူထုတ်လုပ်မှု လျော့နည်းပပျောက်စေရေး ဖြစ်ပါကြောင်း၊ ဌာနအစီ အစဉ်ဖြင့်ဖမ်းဆီးခြင်း၊ ပြည်သူ ပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်း ပို့စနစ် (Community Monitoring and Reporting System- CMRS) ဖြင့် သတင်းရယူ ဖမ်းဆီးခြင်း၊ သစ်တောနယ်မြေအတွင်း တရားမဝင်သစ်ခိုးထုတ်နိုင်ရန် ဖောက်လုပ်ထား သည့် လမ်းကြောင်းများကို ဖျက်ဆီးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွား ရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်သစ်တောဦးစီးဌာန တာဝန်ခံများက လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြမှုအပေါ် မြန်မာ့သစ်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး၊ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဖြည့်စွက် ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အပူ ပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာန တာဝန်ခံများက ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)