မိုးနဲ ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ် (တောင်ပိုင်း)လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စေတီပုံရှားမီး ပူဇော်ပွဲကို လွိုင်မြေ ရပ်ကွက်ရှိ ဝိဇ္ဇာရိယဘုန်းတော်ကြီး၌ တပို့တွဲလပြည့်ညတွင် စည်ကားစွာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါရှားမီးပူဇော်ပွဲကို ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်နှင့် ဆရာဒါကာပူးပေါင်း ကာCovid-19 စည်းကမ်းသတ်မှတ်ချက်များနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ပြီး ယခင်နှစ် စေတီပုံရှားမီးပူဇော်ခြင်းအပြင် ဝင်္ဂပါ ပတ်ဆီမီးပူဇော်ခြင်းကိုလည်းထည့်သွင်း၍ စည်ကားစွာ ကျင်းပပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ဘုရားငါးဆူအား ရည်မှန်း၍ စေတီပုံငါးဆူပြုလုပ်၍ ရှားမီးပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ရှားမီးပူဇော်ရခြင်းမှာ တပို့တွဲလတွင်အအေးဓာတ်လွန်ကဲမှုကြောင့် အေးချမ်းလှတဲ့ရာသီမှာ မြတ်စွာ ဘုရား ရှင်အား သက်တော်ထင်ရှားအဖြစ်နှင့် အအေးဓာတ်သက်သာစေရန် ရည်ရွယ်အာရုံပြုကာ အနွေးဓာတ်နှင့် ပူဇော်ကုသိုလ်ယူခြင်းဖြစ်ကြောင်း ၊ရှားသားအစား မျိုးခြား သစ်သားနှင့်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဒေသ တစ်ခုနှင့် တစ်ခု ပြုလုပ်ပုံခြင်း ကွဲပြားခြားနားခြင်း များရှိနိုင်ကြောင်း စေတီပုံပြုလုပ်ဆောင်ရွက်နေသူ ဦးစိုင်းကျော်နိုက်က ပြောကြားခဲ့သည်။
မျိုးညွန့်ရွှေ (မိုးနဲ)