နေပြည်တော် ဖေဖော်ဝါရီ ၂၃
နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံ ဆိပ်ကမ်းမှ တည်ထားကိုးကွယ်မည့် နေပြည်တော်ကောင်စီနယ်မြေသို့ တတိယအကြိမ် ပင့်ဆောင် ပူဇော်ခြင်း မဟာမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ဆီမီးခုံ ကျေးရွာအနီး၌ ကျင်းပပြုလုပ်သည်။
တက်ရောက်
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်းမြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဘဒ္ဒန္တမာဏိတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြ ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ငါန်းဇွန်းမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ကြီး အမှူးပြုသော သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်များကို တက်ရောက်လာကြသူများက နာယူ ကြည်ညိုကြသည်။ ။
ဆက်လက်၍ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများအား ဆရာတော်ကြီးများ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။
ထို့နောက် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ဆင်းတုတော် နှင့် ပလ္လင်တော်အစိတ်အပိုင်းများအား ပင့်ဆောင်ရန်အတွက် လုံခြုံရေးအဖွဲ့ဝင်များနှင့် ယာဉ်မောင်းများ နေရာယူခြင်း၊ ဥပါသကာများနှင့် ဝတ်အသင်းများ နေရာယူခြင်းတို့ကို အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်ကြပြီး ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် လောင်းလျာပင်မ ကျောက်တော်ကြီးမှ ပလ္လင်တော်အပိုင်း(၃)၊ ပလ္လင်တော်အပိုင်း(၅) စုစုပေါင်း နှစ်တုံး တင်ဆောင် ထားသည့် Modular Trailer များသည် မင်္ဂလာ အချိန်တွင် စတင်ပင့်ဆောင်ထွက်ခွာတော်မူကြရာ ငါန်းဇွန်းမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကြီး၊ တိုင်းမှူးနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က လက်ဆယ်ဖြာ ဦးထိပ်ထား၍ ကြည်ညိုကြသည်။
ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်