စစ်တွေ ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း နှင့် ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီ နှင့် လုပ်ငန်းကော်မတီများလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းနှင့် ထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်းက သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း ခြင်းအခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပနိုင်မှုမရှိခဲ့ပါကြောင်း၊ သို့သော် လည်း ယခင်လုပ်ဆောင်ခဲ့သော အတွေ့ အကြုံများဖြင့် ပူးပေါင်းကာပိုမိုကောင်းမွန် သည့် အခမ်းအနားတစ်ခုဖြစ်အောင် ကြိုး စားလုပ်ဆောင်ပေးကြစေလိုကြောင်း၊ ယခု ပူဇော်ပွဲတွင် ယခင်နှစ်ကပူဇော်ပွဲမလုပ် ဆောင်နိုင်သည့်အတွက် ယခုနှစ်ဘွဲ့ တံဆိပ်တော်ရ ဆရာတော်များနှင့် ယခင်နှစ် ကဘွဲ့တံဆိပ်တော်ရရှိခဲ့သော ဆရာတော် များကို စုပေါင်းကာ ပူဇော်ပွဲကျင်းပသွား မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခင်နှစ် များထက် ပိုမိုပြည့်စုံကောင်းမွန်သော အခမ်းအနားပွဲတော်တစ်ခုဖြစ်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ အထူးသဖြင့် မိမိ တို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ယခုကဲ့သို့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်ရရှိသည့် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ အား ပူဇော်ခွင့်ရရှိခြင်း သည်ကုသိုလ်ရရှိပြီး မင်္ဂလာရှိသည့်အတွက်ကြောင့် တာဝန်ယူ ဆောင်ရွက်ရမည့် ကော်မတီဝင်များအနေ ဖြင့် စေတနာထားကာ ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့ကော်မတီ အလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)