နေပြည်တော် ဖေဖော်ဝါရီ ၂၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် State-owned Enterprise (SOE) နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းအကောင်အထည်ဖော်နိုင်မှု အခြေအနေ သုံးသပ်ခြင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ် (၁၉) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရှိ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်း(၅)ခု၏ လုပ်ငန်းအကောင်အထည်ဖော်နိုင်မှု အခြေအနေသုံးသပ်ခြင်း အစည်းအဝေးပြုလုပ်ရခြင်းမှာ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ အနေဖြင့် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ရငွေနှင့် သုံးငွေကို စနစ်တကျ စိစစ်ဆောင် ရွက်ရန်၊ ပိုမိုသုံးစွဲမှု ရှိ/ မရှိ ပြန်လည်သုံးသပ်ရန်၊ အမှန်လိုအပ်ချက်ထက် ပိုလျှံသည့် ဝန်ထမ်းများ မရှိစေရေး ပိုမိုခန့်ထားခြင်းများ မဖြစ်စေရန်၊ မလိုအပ်သည့် အသုံးစရိတ်များ ချွေတာရေး စိစစ် ဆောင်ရွက်ရန်၊ ကုန်ထုတ် လုပ်မှုဆောင်ရွက်ရာတွင် တန်ဖိုးမြှင့်ထုတ်ကုန်များ ရရှိ အောင်ဆောင်ရွက်ရန်၊ နိုင်ငံတော်နှင့် အများပြည်သူ တို့အတွက် အကျိုးပြုစေရေး အထူး အလေးထားဆောင်ရွက်ရန်အတွက် ကျင်းပရခြင်း ဖြစ်ပါကြောင်း။
နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများသည် Corporate Governance ကောင်းမွန်သော စီမံအုပ်ချုပ်မှုရှိစေရန် စည်းကမ်း တကျရှိမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ၊ တာဝန်ခံမှုတို့ ကောင်းမွန်ရန် လိုအပ်ကြောင်း၊ မူဝါဒကောင်းများ ရှိရန်လို အပ်ပြီး လုပ်ငန်းအကောင်အထည် ဖော်ရာတွင် လုပ်ငန်းစဉ်အဆင့်ဆင့် စနစ်တကျကောင်းမွန်လျှင် ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ SOP များနှင့်အညီ ဆုံးဖြတ်ချက်များ ချမှတ်လုပ်ကိုင်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းမှု အပိုင်းတွင်လည်း မိမိတို့ ရည်မှန်းချက် ဦးတည်ချက်ကို ရရှိနိုင်မည့် စုဖွဲ့မှုမျိုးဖြစ်ရန် လိုအပ်ကြောင်း၊ မြို့နယ်အဆင့်ဝန်ထမ်းအထိ မိမိအဖွဲ့အစည်း၏ ဦးတည်ချက်၊ ရည်မှန်းချက်ကို သိရှိနေရန် လိုအပ်ကြောင်း၊ အကြောင်းကိစ္စ၊ ပြဿနာရှိလျှင် အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဖြေရှင်း ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် မှန်ကန်ပြီး မြန်ဆန် နေရန်လိုအပ်ကြောင်း၊ Conflict of Interest(COI) မဖြစ်စေရေးကိုလည်း အထူးဂရုပြုဆောင် ရွက်ရန်လိုအပ်ကြောင်း၊ ကောင်းမွန်သော စီမံအုပ်ချုပ်မှုဆောင်ရွက်နိုင် လျှင် ရလာဒ်ကောင်း များရရှိလာ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများဖြစ် သည့် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ အမှတ်(၂)သတ္တု တွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေး လုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာ့သစ်လုပ်ငန်း တို့မှ ဦးဆောင်ညွှန်ကြားရေးမှူး များက မိမိတို့လုပ်ငန်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို အသေးစိတ် ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)