Skip to main content

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များတွေ့ဆုံ

တောင်ကြီး ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန် ချက်များ၊ မှာကြားချက်များကို ပြန်လည်ချပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများကို ကဏ္ဍအလိုက် ခွဲခြားထားပြီး မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မှာကြားလိုကြောင်း၊ လုပ်ငန်းများ ကိုအကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာတွင် အဓိက စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကို ဦးစွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ထုတ်ကုန်များကိုလည်း လျင်မြန်စွာဆောင်ရွက်ပေးရန်၊ မကြာခင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်  ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ပေးကြရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား များကို တိုင်းရင်းသားလက်ဝယ်ရောက်ရှိနိုင်ရေး အတွက် ဆောင်ရွက်ပေးကြရန်၊ လက်ရှိလုပ်ငန်းများ ကိုလည်း အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်၊ နိုင်ငံ့ဝန်ထမ်းများ ရုံးပြန်လည် တက်နိုင်ရေးအတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌတို့က ပူးပေါင်းပါဝင် ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ လားရှိုး၊ ကျိုင်းတုံ ဒုတိယပြည်နယ် စီမံအုပ်ချုပ်ရေးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသဖြစ်သည့် “ဝ၊ ပအိုဝ်း၊ ဓနု၊ ပလောင်၊ ကိုးကန့် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောက်မဲ၊ လားရှိုး၊ မိုးမိတ်၊ မူဆယ်၊ ဟိုပန်၊ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ တောင်ကြီး၊ လွိုင်လင်၊ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့များက လုပ်ငန်းများကို တင်ပြကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)