ပဲခူး ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၂နာရီက ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ Online Meeting စနစ်ဖြင့် ကျင်းပသည်။
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ အရေးပေါ်ကာလတစ်နှစ်အတွင်း ဆောင်ရွက်မည့် Road Map ငါးချက်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အခြေခံပညာကျောင်းများအား ပြန်လည် ဖွင့်လှစ်နိုင်ရေး ကြိုတင်ဆောင်ရွက်ထားကြရန်လိုအပ်ကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးတွင် စီမံအုပ်ချုပ် ရေးကောင်စီ တာဝန်ယူနေစဉ်ကာလအတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက် သွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက ကျန်ရှိသည့်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းလုပ်ငန်းများ အမြန်ပြီးပြတ်စေရေး ဆောင်ရွက်သွားရန်၊ မြို့နယ်အလိုက် ပိတ်သိမ်းခဲ့သည့် Facility Quarantine စခန်းများ၏ စာရင်းဇယားများ စနစ်တကျပြုစုထားရှိရန်၊ မိမိတို့ မြို့နယ်အတွင်း ရာဇဝတ်မှုမဖြစ်စေရေး လုံခြုံရေးအထူး အလေးထားဆောင်ရွက်ရန် ဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာသည့် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက မြို့နယ်အလိုက် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ ဒေသအလိုက် ဆေးရုံ၊ ဆေးခန်း ဖွင့်လှစ်မှု အခြေအနေများ၊ ဘဏ်များဖွင့်လှစ်ထားရှိမှု၊ နေ့ညမပြတ်လုံခြုံရေးဆောင်ရွက်ပေးနေမှု များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ဆောင်ရွက်နေမှုအခြေအနေများ ဆွေးနွေးခဲ့ရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)