ဘားအံ ဖေဖော်ဝါရီ ၂၁
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများသည် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြိုင်ကြီးငူနန်းဦးဘေးမဲ့ တောရကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဉာဏိကအား မြိုင်ကြီးငူဥယျာဉ်ခြံကျောင်း၌ သွားရောက်ဖူးမြော်ကြည်ညို၍ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆန်၊ ဆီ၊ ဆေးအစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေသည်။ မြိုင်ကြီးငူဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ တိုက်ပွဲရှောင်များ နေရာချထားပေးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လျှောက်ထားမေးမြန်းပြီး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြိုင်ကြီးငူအခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ကျောင်းအုပ်ကြီး ဒေါ်ညိုသင်းက ကျောင်းဆောင်များ၏အခြေအနေ၊ ဝန်ထမ်းအင်အား၊ ပရိဘောဂလိုအပ်မှု အစရှိသည်တို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကျုံထော်သဘာဝ အပန်းဖြေရေတံခွန်စခန်းအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး ပြီး အများပြည်သူအေးချမ်းစွာ အနားယူအပန်းဖြေနိုင်ရေး၊ ဈေးဆိုင်ခန်းများအား စနစ်တကျနေရာ ချထားပေးနိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သည့် ဒေသထွက်ကုန်နှင့် အစားအစာများ ရောင်းချနိုင်ရေးတို့ကို တာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာအခက်အခဲများကို တစ်ထောင့် တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် စစ်ဗျူဟာအဖွဲ့ (လှိုင်းဘွဲ့)မှ ပြင်ပလူနာကုသမှုဌာနအဖြစ် ဖွင့်လှစ်ထားသော လှိုင်းဘွဲ့မြို့ အောင်ဆန်းခန်းမသို့ ရောက်ရှိပြီး လှိုင်းဘွဲ့မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ လာရောက်ဆေးကုသမှုခံယူလျက်ရှိသော မိဘပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားကာ ပြင်ပလူနာ ကုသမှုဌာနအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)