Skip to main content

ရန်ကုန်မြစ်အတွင်း ဆီးနှင်းထူထပ်စွာကျချိန် မြင်ကွင်းမရှင်းပါက စက်တပ်သမ္ဗန်များ ကမ်းမှမထွက်ခွာကြရန် အသိပေး

ရန်ကုန် ဖေဖော်ဝါရီ ၂၁

 ရန်ကုန်မြစ်အတွင်း၌ စက်တပ်သမ္ဗန်များစွာဖြင့်  ခရီးသွားမိဘပြည်သူများစွာတို့အား ဒလဘက်ကမ်းမှတစ်ဆင့် စီးပွားရေးမြို့တော်ရန်ကုန်မြို့ဘက်ကမ်းသို့ နေ့စဉ်ကူးတို့ပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိသော စက်တပ်သမ္ဗန် (ကူးတို့ဆိပ်) များအားလုံး၌ ဆောင်းရာသီကာလအတွင်း ဖြစ်ပေါ်တတ်သော ဆီးနှင်းများ ထူထပ်စွာကျဆင်းချိန် မြစ်အတွင်း မြင်ကွင်းများ ရှင်းလင်းကောင်းမွန်မှုမရှိပါက ရေယာဉ်များ ကူးတို့ဆိပ်ကမ်းမှ မောင်းနှင်ထွက်ခွာခြင်း မပြုလုပ်ကြစေရေးနှင့် ရေကြောင်းဘေး အန္တရာယ်ကင်းရှင်းစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒလမြို့နယ်အတွင်းရှိ စက်တပ်သမ္ဗန်ကူးတို့ဆိပ် ၁၁ ဆိပ်တို့တွင် အသိပေး စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

“နှင်းကျချိန်ကာလဖြစ်တဲ့အတွက် ဆီးနှင်းကျချိန် မြင်ကွင်းမရှင်းရင် မထွက်ဖို့နဲ့ ရေယာဉ် အန္တရာယ်ကင်းရှင်းဖို့အတွက် သမ္ဗန်တွေပေါ်မှာ ထားရှိရမယ့်ပစ္စည်းတွေ ပြည့်စုံမှု ရှိ၊ မရှိကို စစ်ဆေးတာဖြစ်ပါတယ်။ သမ္မန်ရေယာဉ်တွေမှာ အရေးပေါ်အတွက် အသက်ကယ်အင်္ကျီ၊ ဝီစီ၊ အချက်ပြအလံ၊ ပွိုင့်မီး၊ ကျောက်နဲ့ ကျောက်ကြိုးတွေ၊ လှော်တက် (ခတ်တက်)၊ သမ္ဗန်ကိုယ်ထည်ကြံ့ခိုင်မှုတွေ ပြည့်စုံမှုမရှိတဲ့ သမွန်တွေကို စစ်ဆေးတွေ့ရှိခဲ့ရင် အရေးယူ သွားမှာဖြစ်ပါတယ်။ နံနက်ပိုင်းနဲ့ ညပိုင်း အလုပ်သွား၊ အလုပ်ပြန်ချိန်မှာ ခရီးသည်များတဲ့အတွက် သမ္ဗန်တစ်စင်းမှာ ခရီးသည် ၁၀ ဦးအထိ တင်ဆောင်ထွက်ခွာတယ်။ လူနည်းသွားတဲ့ အချိန်တွေဆို ရှစ်ဦးအထိပဲ တင်တာဖြစ်ပါတယ်။ ဒီကာလမှာ ခရီးသည်သွားလာမှု နည်းသွားတဲ့အတွက် သမ္မန်ရေယာဉ်မောင်းနှင်သူတွေရဲ့ စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရတယ်ဟု မြို့နယ်စက်တပ် ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောကြားသည်။

ဆောင်းရာသီကာလ ဖြစ်ပေါ်တတ်သည့် ရန်ကုန်မြစ်အတွင်း၊ ဆီးနှင်းများကျဆင်းချိန် မြစ်တွင်းသွားစက်တပ်သမ္ဗန်များသည် ခရီးသည်များ တင်ဆောင်မောင်းနှင်သွားလာရာတွင် အသက် အန္တရာယ်ရှိနိုင်သည့်အတွက် မြင်ကွင်းများ ကောင်းမွန်မှုရှိမှသာ မောင်းနှင်ကြရန်၊ ဆီးနှင်းများထူထပ်စွာကျချိန်တွင် သက်ဆိုင်ရာ ကူးတို့ဆိပ်ကမ်းများမှ မောင်းနှင်ထွက်ခွာခြင်း မပြုလုပ်စေရေး၊ ကုန်ပစ္စည်းများတင်ဆောင်ပါက ခရီးသည်တင်ဆောင်ရေး၊ မီးလောင်လွယ်သော ပစ္စည်းများ တင်ဆောင်ပါက ခရီးသည်တင်ဆောင်ခြင်း မပြုလုပ်စေရေး၊ မြို့နယ်မှ အခါအားလျော်စွာထုတ်ပြန်သော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာနိုင်စေရေးအတွက် စက်တပ်သမ္ဗန် ကူးတို့ဆိပ်များရှိ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ စက်တပ်သမ္ဗန်မောင်းနှင် ကြသူများ သိရှိနိုင်ရေးအတွက် အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

ဒလမြို့နယ်၌ မြို့နယ်စက်တပ် ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ပိုင်  ကူးတို့သဠုန်ဆိပ် ခြောက်ဆိပ်ရှိရာ ကမာအောင်ကူးတို့ဆိပ်၌ အစင်း  ၁၈၀၊ တံလျှပ်ကူးတို့ဆိပ်၌ ၄၆ စင်း၊ ရေကန်ကူးတို့ဆိပ်၌ ၂၂ စင်း၊  ဆာပါချောင်ကူးတို့ဆိပ်၌ ၄၁ စင်း၊ ကျောင်းစုကူးတို့ဆိပ်၌ ၂၂ စင်း၊ ကျောင်းစုခွဲ (လက်ခတ်မှစက်တပ်) ကူးတို့ဆိပ်၌ အစင်း ၂၀ တို့ဖြစ်ပြီး သမဝါယမအသင်းလီမိတက်ပိုင် ကူးတို့သမ္ဗန်ဆိပ် ငါးဆိပ်ဖြစ်သည့်  သမ္မတကမ်းခြေကူးတို့ဆိပ်၌ ၃၄ စင်း၊ ကမာကသွယ်ကူးတို့ဆိပ်၌ အစင်း ၃၀၊ စက်မြေကူးတို့ဆိပ်၌ ၃၃ စင်း၊ ကမာကဆစ်ကူးတို့ဆိပ်၌ ၄၁ စင်း၊ မှော်စက်ကူးတို့ဆိပ်၌ ၃၅ စင်းတို့ရှိရာ စုစုပေါင်း ကူးတို့ဆိပ်  ၁၁ ဆိပ်တွင် စက်တပ်သမ္ဗန် အစင်းရေ စုစုပေါင်း ၅၀၄ စင်းရှိကြောင်း  သိရသည်။

နိုင်လင်းကျော် (ဒလ)