နေပြည်တော် ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းဒေသကြီးအတွင်း ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ -၁၄၄ အရတားမြစ်သည့်အမိန့် ထုတ်ပြန်ထားခြင်းအပေါ် အသိပေး နှိုးဆော်ချက်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ယင်းအသိပေးနှိုးဆော်ချက်တွင် ယခုအခါမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီးတွင် လူအချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် စိုးရိမ်ဖွယ်အပြုအမူ များကို ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် တည်ငြိမ်အေးချမ်းရေးနှင့် အများ ပြည်သူတို့၏ လုံခြုံရေး တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေ သည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သောကြောင့် မြို့နယ်များအတွင်း စုဝေးခြင်း/ ဟောပြောခြင်း/ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း/ လှုံ့ဆော်ဆန္ဒပြခြင်း/ ဖျက်ဆီးခြင်း/ ရုန်းရင်းဆန်ခတ် ပြုမူခြင်းများ ကို မပြုရန် တားမြစ်လိုက်သည့်အပြင် လူ (၅) ဦး သို့မဟုတ် (၅) ဦး ထက်ပိုသောသူများသည် လမ်းမကြီးများ၊ အများ ပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည ၈ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ - ၁၄၄ အရ တားမြစ်သည့်အမိန့်ကို ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း။
အဆိုပါ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ - ၁၄၄ အရ ထုတ်ပြန်ထားသည့် တားမြစ်သည့် အမိန့်အား လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ အရေးယူတရားစွဲဆို ခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားတွေ့ရှိပါက (၆) လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်း ခံရမည် ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် အသိတရားနှင့် ဂရုပြု ရှောင်ကြဉ် နိုင်ရေး အသိပေးနှိုးဆော်အပ်ပါသည်ဟု ဖော်ပြပါရှိသည်။
သတင်းစဉ်