ရန်ကုန် ဖေဖော်ဝါရီ ၂၀
ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ ဗဟိုဝန်ထမ်းတက္ကသိုလ် ဖောင်ကြီးတွင် ကိုဗစ်ရောဂါ ကူးစက်လူနာများ ရောက်ရှိလာပါက ကုသပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ (၃)၌ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၉ နာရီက ပြုလုပ်သည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ကုသရေးဌာန ရန်ကုန် (ဖောင်ကြီး) ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များ ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက်ကြီးကြပ်ရေးကော်မတီနာယက၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးပြီး တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြင်ပဆေးရုံ ကြီးများမှ ပညာရှင်များအဖွဲ့၊ ဌာနဆိုင်ရာများ လုပ်ငန်း ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်မည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းများ အောင်မြင်ရေးအတွက် စုပေါင်းအားဖြင့် ပြည်သူလူထုကို ကာကွယ်ပေးကြရန် မှာကြားသည်။
အစည်းအဝေးသို့ ကိုဗစ် -၁၉ ကုသရေးဌာန ရန်ကုန် (ဖောင်ကြီး) ကြီးကြပ်ရေးကော်မတီ နာယကများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်စား ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်၊ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)