Skip to main content

မြန်မာနိုင်ငံအတွက် ပြည်တွင်းပြည်ပခရီးသွားများကို ဆွဲဆောင်နေသော ဟိုက်ပါရေတံခွန်

မိုင်းရှူး ဖေဖော်ဝါရီ ၂၀ မိုင်းရှူးမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၌ ပါဝင်သော်လည်း မြောက်ပိုင်းရှိ လားရှိုးနှင့် ပိုနီးသည်။ မိုင်းရှူးတွင် သဘာဝအလှတရားတစ်ခုဖြစ်သည့် ဟိုက်ပါရေတံခွန်ကြီးရှိသည်။ ထိုဟိုက်ပါ ရေတံခွန်ကြီးသည် သဘာဝအလှတရား တစ်ခုဖြစ်သော်လည်း နယ်မြေခံ၊ ဒေသခံ ပြည်သူကလွဲ၍ လူသိပ်မသိဘဲ တိမ်မြုပ်ပျောက်ကွယ်နေခဲ့သည်။ ၂၀၁၄ ခုနှစ် နောက်ပိုင်းမှသာ လူမှုကွန်ရက်နှင့် ဘလော့ဂါတို့ အစွမ်းကြောင့် တဖြည်းဖြည်း လူသိများလာပြီး မြန်မာပြည်အရပ်ရပ်မှလည်ပတ်သူများ တစ်စတစ်စ များလာသည်။ ဟိုက်ပါရေတံခွန်ကြီး၏ ထူးခြားချက်မှာ မြစ်အရွယ်အစား ရေတံခွန်ကျယ်ကြီးအဖြစ် တည်ရှိလျက်ရှိပြီး ရေထွက်ပေါက် အဆင့်ပေါင်း ၁၁ ဆင့်ရှိသည်။ အဆိုပါ ရေတံခွန်အနီးတစ်ဝိုက်တွင် စိမ်းစိုနေပြီး ရေငွေ့များ၊ အေးစိမ့်စိမ့်အရသာများနှင့် သဘာဝအလှတရား များကြောင့် လာလည်သူများကို စိတ်ပျော်ရွှင်စေကာ ပြည်တွင်းပြည်ပ ခရီးသည်များကိုပါ အထူးဆွဲဆောင် နိုင်သော နေရာတစ်ခုဖြစ်သည်။ ခရမ်းစိုးမြင့်