မုံရွာ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ပြေးဆွဲလျက်ရှိသော ကုန်တင်ရေယာဉ်များအနေဖြင့် ရေနည်းကာလအတွင်း ရေကြောင်းပြ အမှတ် အသားများ ပြသထားသည့် ရေလမ်းကြောင်းများအတိုင်း စနစ်တကျမောင်းနှင်ကြရန် လိုအပ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး) မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်း၏ ပြောကြား ချက်များ အရ သိရသည်။
မြစ်ရေနည်းပါးချိန်တွင် ချင်းတွင်း မြစ်အထက်ပိုင်းဒေသများရှိ အချို့ ရေလမ်းကြောင်း နေရာများ၌ မြစ်ကြောင်း ကျပ်တည်းမှုများဖြစ်ပေါ်လျက်ရှိသဖြင့် လမ်းခရီးတွင် ရေယာဉ်များ သောင်တင်မှု မရှိစေရန်အတွက် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေလမ်း သတ်မှတ်ရေး)မှ ရေနည်းကာလအဖြစ် သတ်မှတ်ပြီး ရေစူးသတိပေးချက်များ ထုတ်ပြန် ပေးထားကြောင်း သိရသည်။
“ရေနည်းကာလကိုတော့ ဒီဇင်ဘာ လဆန်းပိုင်းကတည်းက ထုတ်ပြန်ထားပါတယ်။ အခု အခြေအနေမှာ ရေကြောင်းတွေ စကျပ်လာတာဖြစ်တဲ့အတွက် သတိပေး ပြောကြားတာဖြစ်တယ်။ မြစ်ကြောင်းက လမ်းကြောင်းမှန်မှန်နဲ့ ကွေးကွေးလေးဆိုရင်တော့ ရေကြောင်းမပျက်စီးဘူး။ နွေရာသီ မြစ်ရေနည်းပါးချိန်ဆိုရင် မော်လိုက် မြို့နယ်အောက်ဘက် ရိုးလာရေလမ်းကြောင်း အမြဲတမ်းလိုပဲရေကြောင်း ကျပ်ပါတယ်။ နောက်တစ်ခုက ဟုမ္မလင်းမြို့ အောက်ဘက်ခြမ်းက ကက်သာဆင်းရေကြောင်းလည်း ကျပ်ပါတယ်။ ရေကြောင်းကျဉ်းလာရင် ပိုပြီးပျက်စီးတယ်။ ရေကြောင်းကျပ်တဲ့နေရာတွေမှာ ရေကြောင်းပြအမှတ် အသားတွေ ထားရှိပါတယ်။ နွေရာသီ မြစ်ရေ နည်းချိန်မှာ သတ်မှတ်ပေးထားတဲ့ ရေလမ်းကြောင်းအတိုင်း မောင်းမယ်ဆိုရင် ရေလမ်းကြောင်း ရေရှည်ခိုင်မယ်။ ဒါကြောင့် သတ်မှတ် ပေးထားတဲ့ ရေလမ်းကြောင်းက မောင်းနှင်ကြဖို့လိုပါတယ်” ဟု စစ်ကိုင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြောသည်။
ရေနည်းကာလတွင် ရေလမ်းကြောင်း အခြေအနေပေါ်မူတည်ပြီး သတ်မှတ်ပေးထားသော ရေစူး ကန့်သတ်ချက်များနှင့်အညီတင်ဆောင်မောင်းနှင်နိုင်ရန် နှစ်စဉ်နိုဝင်ဘာ ၁၅ ရက်မှ မေ ၁၅ ရက် အထိကို ရေနည်းကာလအဖြစ် သတ်မှတ်ကာ ရေစူးသတ်မှတ်ချက်အဖြစ် ချင်းတွင်းမှ မုံရွာအထိ ရေအနက် သုံးပေ၊ မုံရွာမြို့မှ ကလေးဝမြို့အထိ ရေအနက် သုံးပေ သုံးလက်မ၊ ကလေးဝမြို့မှ ဟုမ္မလင်းမြို့အထိ ရေအနက် သုံးပေနှင့် ဟုမ္မလင်းမြို့မှ ခန္တီးမြို့အထိ ရေအနက် နှစ်ပေ။ ခြောက်လက်မ သတ်မှတ်ကာ ထုတ်ပြန်ထားကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)