Skip to main content

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်းအနီး ပျဉ်းမနား-တောင်ညို ကားလမ်းမပေါ်၌ ဆူပူဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး ထိန်းသိမ်း

နေပြည်တော် ဖေဖော်ဝါရီ ၁၈ လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက် ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွား စေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကို ထုတ်ပြန်၍ လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်း မပြုရန် တားမြစ်ချက်များအား ထုတ်ပြန်ထားပြီးဖြစ်သည်။ ထိုသို့ ထုတ်ပြန်ထားရှိသော်လည်း နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်းအနီး ပျဉ်းမနား-တောင်ညို ကားလမ်းပေါ်၌ လူအင်အား ၂၀၀ ခန့်ပါဝင်သော ဆူပူဆန္ဒပြသူများသည် ယနေ့နံနက် ၉ နာရီခွဲခန့်မှစတင်၍ မိုးကာတဲများ ထိုး၍ သပိတ်စခန်း ဖွင့်လှစ်ကာ လက်ကိုင်အသံချဲ့စက်များဖြင့် ဟောပြော စည်းရုံးခြင်း၊ ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ယင်းသို့ လုပ်ဆောင်လျက်ရှိရာ ပတ်ဝန်းကျင်နေသူ များ စိတ်အနှောင့်အယှက်ဖြစ်စေခြင်း၊ လမ်းကြောင်း ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်လျက်ရှိသဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် အကြိမ်ကြိမ် မေတ္တာရပ်ခံပြောဆိုခဲ့သော်လည်း လိုက်နာခြင်း မရှိဘဲ လမ်းမအလယ် တွင် ဆူပူဆန္ဒပြလျက်ရှိပြီး မွန်းလွဲပိုင်းအထိ လူစုခွဲခြင်း မရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်မှု ဖြိုခွဲရေးလုပ်ငန်းစဉ်များအတိုင်း ဥပဒေနှင့်အညီ ဆန္ဒပြ လူအုပ်အား လူစုခွဲနိုင်ရေး လုပ်ငန်းစဉ်များအတိုင်း အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ ဆူပူဆန္ဒပြသူများက လေးခွ များ၊ ကျောက်ခဲများ၊ အုတ်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေနိုင်သော သံမူလီခေါင်း တို့ဖြင့် ပစ်ခတ်ခြင်း စသည့် အကြမ်းဖက်လှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်ခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွင် လူစု ကွဲခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း၊ အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြသူများအနက် ၄၄ ဦးကို ၎င်းတို့၏ အသုံးအဆောင်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းထားရှိကြောင်းနှင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်