Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက်လက်ခံကုသပေးလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၈ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီး ရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှဆရာဝန်များသည်လည်း ၎င်းတို့၏ သဘောဆန္ဒ အလျှောက် ကုသရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။ ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော် ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၆၁၄၃ ဦး၊ အတွင်းလူနာ ၂၇၆၇ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ပြည်သူများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် စီမံဆောင်ရွက် ပေးလျက်ရှိသည်။ ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသ ရန်လိုအပ်သူ ၇၀၂ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၃၃၄ ဦး၊ စုစုပေါင်း ၁၀၃၆ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံအသီးသီးတွင် တက်ရောက် စေလျက်ရှိပြီး ၎င်းတို့အနက် ၄၀၇ ဦးကိုခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၆၂၀ ဦးကို သာမန် မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ အနာဂတ်မျိုးဆက်သစ် ကလေးငယ် ၁၀၂၇ ဦးကို မွေးဖွားနိုင်ခဲ့သည်။ တိုင်းရင်းသားပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ အချိန်မရွေး ဆက်သွယ်ဆေးကုသမှု ခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာဆေးရုံများမှလည်း လွှဲပြောင်းကုသမှုခံယူနိုင်ကြောင်း သိရှိ ရသည်။ ယနေ့တွင် သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံတပ်မတော်ဆေးရုံများသို့ ဆေးရုံလာရောက် ပြသသူများနှင့် ဆေးရုံတက်လူနာများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ နှင့် အဖွဲ့ဝင်များကလည်းကောင်း အသီးသီးသွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာ များပေးအပ်သည်။ ထို့အတူ ရန်ကုန်တိုင်းဒေသကြီး မင်္လာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)တို့တွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် တပ်မတော်မိသားစုဝင်များနှင့် ဒေသခံပြည်သူများအတွက် ယနေ့တွင် ဗုဒ္ဓကလျာဏယုဝအသင်းချုပ်(YMBA)ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က သွားရောက်၍ ဆန်အိတ်-၁၀၀ အိတ်ကို လှူဒါန်းခဲ့ရာ ဆေးရုံများမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်