ယနေ့အချိန်အခါတွင် ပြည်သူလူထု လူမှုစီးပွား အဆင်ပြေရေးသည် အရေးအကြီးဆုံးဖြစ်သည်။ တိုင်းပြည်တွင် မည်သည့်အခြေအနေမျိုးဖြစ်နေစေကာမူ ပြည်သူလူထု လူမှုဘဝလုံခြုံစိတ်ချရေး၊ လူမှုစီးပွား အဆင်ပြေရေးတို့သည် မဖြစ်မနေလိုအပ်ပေသည်။ ယင်းအခြေအနေကို နိုင်ငံတော်က အလေးထား ဆောင်ရွက်ပေးမည်ဆိုသော်လည်း ပြည်သူလူထုပါ ပူးပေါင်းပါဝင်မှ ပိုမို အဆင်ပြေနိုင်မည် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရေးပေါ်ကာလ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေရစဉ်အချိန်အတွင်း နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားပြည်သူအားလုံးတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းရှိသမျှ ဆောင်ရွက်သွားမည်သာ ဖြစ်သည်။ ။
မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်မှစတင်၍ စိန်ခေါ်မှုကြီးကြီးမားမား ကြုံတွေ့နေသည်ဟု ဆိုရမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ စတင်သည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေး လုပ်ငန်းများ တုံ့ဆိုင်းရပ်နားသွားသဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးကျဆင်းမှုများ၊ အလုပ်လက်မဲ့ဖြစ်ပွားမှုများ ကြုံတွေ့ခဲ့ရသည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ် ဖြစ်ပေါ်လာပြီး စီးပွားရေးအခက်အခဲနှင့် ပြည်တွင်း ပြည်ပ စိန်ခေါ်မှုအမျိုးမျိုးကို ကျော်လွှားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
လက်ရှိအခြေအနေတွင် အရေးကြီးသည်မှာ ပြည်သူအားလုံး၏ အကျိုးစီးပွားကိုရှေးရှု၍ စားဝတ်နေရေး အဆင်ပြေစေရေးကို အားလုံးပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံရေးအမြင် အယူအဆ ကွဲပြားမှုများဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းမရှိပါလျှင် ပြည်သူများပင် အခက်အခဲများ ကြုံတွေ့နိုင်ပေသည်။ လက်ရှိအခြေအနေတွင် မသမာသူ၊ ဖျက်ဆီးလိုသူတို့က ပြည်သူလူထုအား မည်သို့ဆောင်ရွက်ပေးမည်ဟု ဆွဲဆောင်နေသည်မှာ လေထဲတွင် အိမ်ဆောက်သကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ အမှန်တကယ်တွင် ဖြစ်နိုင်သည်တို့ကို လက်တွေ့ကျကျ ရေရှည်လုပ်ကိုင်ပေးနိုင်ရန် အရေးကြီးသည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများ ဖြစ်သည်။ မြန်မာပြည်သူ၊ ပြည်သားများသည် စိုက်ပျိုးမွေးမြူရေးနှင့် အခြေခံ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ထို့ကြောင့် နိုင်ငံ့စီးပွားရေး ဦးမော့ လာရေးအတွက် စိုက်ပျိုးမွေးမြူရေးကို ပစ်ပယ်ထား၍ ရမည်မဟုတ်ပေ။ ကမ္ဘာပေါ်တွင် လူဦးရေ ခုနစ်ဘီလီယံကျော်ရှိသည်။ ထို့ကြောင့် များပြားသော လူဦးရေအတွက် စားနပ်ရိက္ခာလိုအပ်ချက်အမြဲရှိနေမည် ဖြစ်သည်။ အဆိုပါ စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းတိုးပွား၍ လူမှုစီးပွား တိုးတက်လာမည် ဖြစ်သည်။
ထိုမှ နိုင်ငံ့စီးပွား နာလန်ထူအောင် ပြန်လည်ဆောင်ရွက်ပြီး အလုပ် လက်မဲ့ ဖြစ်နေသူများ ဝင်ငွေရရှိမည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများက ဦးဆောင်ဆောင်ရွက်ပေးသင့်ပြီး စက်ရုံ၊ အလုပ်ရုံများ ပုံမှန်ဖွင့်လှစ် လည်ပတ်နိုင်ရေး၊ လုပ်သားများလိုအပ်ချက်ကို ဖြည့်ဆည်းပေးရေးတို့ကို ဦးစွာဆောင်ရွက်သွားရမည် ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကာလတိုသာ တာဝန်ယူထားသဖြင့် တာဝန်ယူစဉ်ကာလအတွင်း နိုင်ငံ့စီးပွားရေး လွယ်ကူချောမွေ့စေရေးကို အဓိကအလေးထားဆောင်ရွက်နိုင်လိမ့်မည် ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေး၊ ပြည်ပပို့ကုန်မြင့်မားရေးအတွက် မိတ်ဖက် နိုင်ငံများနှင့် ဆီလျော်လိုက်ဖက်မည့် စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့အောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ပြည်ပပို့ကုန်တိုးရေး အတွက် အရည်အသွေးမီရေး၊ အဆင့်အတန်းမီရေးကို အလေးထား လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ပေသည်။ ကိုဗစ်-၁၉ ကြောင့် တစ်ကမ္ဘာလုံး စီးပွား ကျဆင်းနေသော အချိန်တွင် မြန်မာနိုင်ငံ စီးပွားရေး အမြန်ပြန်လည်နာလန် ထူလာရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လက်တွေ့မကျသော၊ စီးပွားရေး လုပ်ကိုင်ရာတွင် အဟန့်အတားဖြစ်စေသော ကိစ္စရပ်များကို လေ့လာသုံးသပ် ပြင်ဆင်ဆောင်ရွက်သွားကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အရေးပေါ် ကာလ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေရစဉ်ကာလအတွင်း နိုင်ငံတော်နှင့်ပြည်သူလူထု အကျိုးစီးပွားအတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးကို ကြိုးပမ်းဆောင်ရွက်ရင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။