နိုင်ငံ့ဝန်ထမ်း သို့မဟုတ် အစိုးရဝန်ထမ်းဟူသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို သယ်ပိုးထမ်းရွက်ကြသူများ ဖြစ်သည်။ ဝန်ထမ်းများသည် နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်းမှ ကျခံပေးသောဘဏ္ဍာငွေကို ရရှိခံစားကြသူများဖြစ်၍ နိုင်ငံတော်နှင့်ပြည်သူတို့အပေါ်တွင် သစ္စာ စောင့်သိ ရိုသေကြရမည့် သူများဖြစ်သည်။
နိုင်ငံနှင့်ပြည်သူ၊ ဝန်ထမ်းနှင့်ပြည်သူသည် ကင်းကွာ၍မရနိုင်ချေ။ နိုင်ငံဟူသည် သမိုင်းအစဉ်အလာ နှင့် တည်တည်တံ့တံ့ စုစုစည်းစည်းဖြင့် နေထိုင်လာကြသော လူမျိုးပေါင်းစုံ သို့မဟုတ် လူပေါင်းစုံ သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်၏ အချုပ်အခြာအာဏာလွှမ်းတည်ရာ၊ ပျံ့နှံ့ရာဒေသအား ပထဝီဝင် နယ်နိမိတ်အရ သတ်မှတ်ထားသည်ကို ခေါ်သည်။ ပြည်သူဟူသည်မှာ အဆိုပါ သတ်မှတ် ထားမှုများအတွင်းရှိ လူများကို ခေါ်ဆိုသည်။ သို့ဖြစ်၍ နိုင်ငံဟူသည် ပြည်သူအားလုံးကို ကိုယ်စားပြု ထားခြင်းဖြစ်၍ ထိုနိုင်ငံ၊ ထိုပြည်သူတို့၏ အကျိုးကိုထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍများသည် မည်မျှလေးနက်သည်ကို ခန့်မှန်းကြည့်နိုင်သည်။
ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်တစ်ခုလုံး၏အကျိုးကို ရှေးရှုရမည့်သူများဖြစ်သည်။ နိုင်ငံတော်တစ်ခုလုံးအတွင်းမှ ပြည်သူအားလုံး၏အကျိုးကို တန်းတူညီမျှ သယ်ပိုးထမ်းဆောင် ကြရမည့်သူများ ဖြစ်သည်။ ထိုသို့သယ်ပိုးထမ်းဆောင်နိုင်ရန် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော် ယန္တရားတစ်ခုလုံးကို ကောင်းမွန်စွာသက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်နေကြသူများ ဖြစ်သည်။ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်၊ အစိုးရအဖွဲ့အစည်းများ မည်သို့ပင်ပြောင်းလဲစေကာမူ နိုင်ငံ့ဝန်ထမ်း များသည် နိုင်ငံတော်ယန္တရားအား စဉ်ဆက်မပြတ် အသက်ဝင်လှုပ်ရှားစေရန် ဆောင်ရွက်ကြရသည်။
ထိုသို့ဆောင်ရွက်ရန်အတွက် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်၊ လုပ်ထုံးလုပ်နည်း တို့နှင့်အညီ အကျိုးခံစားခွင့်များကို ရယူနိုင်သလို ပြဋ္ဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက် ကြရသည်။ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ထမ်းရွက်ကြမည့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာသည်နှင့် ပြင်ပမှပြည်သူများ၏ လူမှုဘဝများနှင့်မတူဘဲ ထိန်းသိမ်းစောင့်ရှောက်လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များ များစွာရှိပေသည်။ ယင်းတို့ကို ကျေပွန်စွာ လိုက်နာဆောင်ရွက်ပါက တာဝန်ကျေပွန် သော နိုင်ငံ့သားကောင်းများ ဖြစ်ပေမည်။
ဝန်ထမ်းများလိုက်နာရမည့် ပြဋ္ဌာန်းထားသောတာဝန်များတွင် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာ ခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထားဆောင်ရွက်ခြင်း၊ နိုင်ငံတော်ပိုင် ပစ္စည်း၊ ဘဏ္ဍာတို့ကို လေလွင့်မှုမရှိစေရေး၊ အလွဲသုံးစား မပြုစေရေးအတွက် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ မိမိအားပေးအပ်ထားသော တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ခြင်း၊ ပါတီနိုင်ငံရေးကင်းရှင်းခြင်း၊ လာဘ်ပေး လာဘ်ယူမှုရှောင်ကြဉ်ခြင်း၊ ပြည်သူကို ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ကြရသည်။
နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက်ရရှိရေး၊ စားဝတ်နေရေးဖူလုံရေး၊ အိမ်ထောင်ရှင် အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းဆိုင်ရာ ခံစားခွင့်ရရှိရေးနှင့် အငြိမ်းစားဝန်ထမ်းများ စားဝတ် နေမှုသက်သာ ချောင်ချိရေးတို့အတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းရမည်ဟု ပြဋ္ဌာန်းထားသည်။ ဒီမိုကရေစီခေတ်ကာလတွင် နိုင်ငံတော်၊ ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ အကျိုးစီးပွားအတွက် နိုင်ငံ့ ဝန်ထမ်းဥပဒေကို ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်ရန်လိုအပ်သည်တို့ကို ထပ်မံပြင်ဆင် ဖြည့်စွက်သွားဦးမည်ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်လာရန်မှာ လွယ်ကူလှသည်မဟုတ်ပေ။ ဝန်ထမ်းတစ်ဦးအနေဖြင့် ချမ်းသာ ကြွယ်ဝမည်မဟုတ်သော်လည်း ဣနြေသိက္ခာရှိရှိ သင့်တင့်သော အနေအထားဖြင့် စိတ်အေးချမ်းသာ စွာ နေနိုင်ပေသည်။ နိုင်ငံ့ဝန်ထမ်းဖြစ်လာလျှင်လည်း လိုက်နာရမည့်အချက်များ များစွာရှိသလို ခံစားခွင့်များလည်း ရှိသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို တိုက်ရိုက် သယ်ပိုးခွင့် ရရှိကြသူများဖြစ်သည်။ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ပြည်သူ့ကောင်းကျိုးများကို လုပ်ဆောင်ကြသူများဖြစ်၍ ဂုဏ်ယူစရာဖြစ်သည်။ တန်ဖိုးထားစရာ ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းဟူသည် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားကိုသာ ဦးထိပ်ထားရသူများ ဖြစ်ရာ ဝန်ထမ်းများအနေဖြင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေကို အကြောင်းပြု၍ စိတ် ခံစားချက်များဖြင့် လုပ်ငန်းခွင်နှင့် ကင်းကွာမနေဘဲ နိုင်ငံတော်၏အကျိုး၊ ပြည်သူများ၏ အကျိုး စီးပွားတို့ကို အလေးထားရှေးရှု၍ လုပ်ငန်းခွင်များသို့ အမြန်ဆုံးပြန်လည် ဝင်ရောက်သင့်ပါကြောင်း။